Main menu

မြင်းခြံမြို့မှ MSME ဗယာကြော်လုံးလုပ်ငန်း

Powered by Drupal

          မုန့်အစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဗယာကြော်လုံး ခေါ် ကုလားပဲလုံးကြော် သည် ကြွပ်ကြွပ်ရွရွနှင့် ခပ်ဆိမ့်ဆိမ့်အရသာရှိပြီး မုန့်ပဲသရေစာအဖြစ် စားသုံးသည်လည်းရှိသကဲ့သို့ ထမင်းဆီဆမ်းနှင့်တွဲဖက်၍ စားသုံးကြသည်လည်းရှိပါသည်။

          MSME လုပ်ငန်းတစ်ခုဖြစ်သည့် ဗယာကြော်လုံးလုပ်ကိုင်ရာတွင် ကုန်ကြမ်းအဖြစ် ဆန်မှုန့်ဖြင့်ပြုလုပ်ထားသည့် ဆန်မှုန့်လုံး (ခေါ်)ဝေဖာလုံး၊ ကုလားပဲမှုန့်၊ ဂျုံမှုန့်၊ သာဂူမှုန့်၊ ဆီတို့ကို အဓိကအသုံးပြုကြောင်း သိရှိရသည်။ ဝေဖာလုံးများကို တင်းတောင်းဖြင့်ချိန်တွယ်ဝယ်ယူရကြောင်း၊ ဝေဖာလုံးကို ကုလားပဲမှုန့်၊ ဂျုံမှုန့်၊ သာကူမှုန့် ရောစပ်ဖျော်ထားသည့် ခပ်ပျစ်ပျစ်အနှစ်ဖြင့် အချိုးကျပေါင်းစပ်ကာ ဆီဒယ်အိုးထဲသို့ ထည့်ကြော်ရကြောင်းသိရှိရသည်။ ဝေဖာလုံး(၂)တင်းကို ကုလားပဲမှုန့်(၂)ပိဿာ၊ ဂျုံမှုန့်(၂)ပိဿာ၊ သာဂူမှုန့်(၂)ပိဿာ အချိုးဖြင့် ရောစပ်ကြော်ပါက စားအုန်းဆီ(၁၀)ပိဿာမှ (၁၁)ပိဿာခန့်ထိ သုံးစွဲရပြီး ကုန်ချောဗယာကြော်လုံး (၁၃)ပိဿာ ထုတ်လုပ်ရရှိကြောင်း၊ ဗယာကြော်လုံးကို (၅၀၀)ကျပ် တန်၊ (၁၀၀၀)ကျပ်တန်အထုပ်များဖြင့် မြင်းခြံမြို့တွင်းရှိ မုန့်မျိုးစုံဆိုင်၊ ကုန်စုံဆိုင်များသို့ ဖြန့်ဖြူး ရောင်းချခြင်းများရှိသကဲ့သို့ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ (၁၅)ပိဿာ၊ (၂၀) ပိဿာစသည်ဖြင့် လက်ကားရောင်းချခြင်းများလည်းရှိကြောင်း၊ လက်ကားဝယ်ယူသူများ၏ အမှတ် တံဆိပ် အမျိုးမျိုးဖြင့် မြင်းခြံမြို့တွင်းသာမက အခြားနယ်မြို့များအထိ တင်ပို့ဖြန့်ဖြူးရောင်းချခြင်း များ လည်းရှိကြောင်း ဗယာကြော်လုံးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။

          ဗယာကြော်လုံး ခေါ် ကုလားပဲလုံးကြော်ကို ကလေးသူငယ်များ၏ သရေစာအဖြစ် စားသုံးမှု ပိုမိုများပြားပြီး ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချလျက်ရှိသဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေသည့် ဝင်ငွေကောင်းMSMEလုပ်ငန်းတစ်ခုဖြစ်ကြောင်း ဗယာကြော်လုံး လုပ်ငန်းလုပ်ကိုင်သူ MSMEလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)