ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအုပ်စု၊ သားကျင်ရွာတွင် ဂျုံသီးနှံမှရရှိသော ဂျုံရိုးများဖြင့် ဦးထုပ်ယက်လုပ်သည့်လုပ်ငန်းသည် မိရိုးဖလာ သားစဉ်မြေးဆက်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဂျုံသီးနှံမှာ ဆောင်းသီးနှံဖြစ်ပြီး တန်ခူး၊ ကဆုန်လများတွင် ရိတ်သိမ်းလေ့ ရှိကာ သီးနှံပေါ်ချိန်တွင် ဂျုံရိုးများကို ကုန်ကြမ်းအဖြစ်အသုံးပြုရန် ဝယ်ယူစုဆောင်းလေ့ရှိကြသည်။ ဂျုံရိုးအတို၊အရှည်၊အတုတ်၊အသေးပေါ်မူတည်၍ ဝယ်ယူရသည့် ဈေးနှုန်းလည်း ကွဲပြားမှုရှိကြောင်း သိရသည်။ တောင်သူလုပ်ငန်းအားလပ်ချိန်များတွင် ကလေး၊လူကြီးမကျန် အိမ်ရှိလူကုန် ဂျုံရိုးများကို ကြိုးကျစ်ရပြီး ဦးထုပ်တစ်လုံးစာအတွက် ကြိုးအတောင်(၄၀)တစ်ခွေနှုန်းဖြင့် ကြိုးကျစ်ရကြောင်း သိရှိရသည်။ ကျွမ်းကျင်မှုအလိုက် တစ်ရက်လျှင် (၂)ခွေမှ(၄)ခွေအထိ ကြိုးကျစ်ကြကြောင်း သိရှိရသည်။
ကြိုးကျစ်ပြီးကြိုးခွေများကိုအသုံးပြု၍ အပ်ချုပ်စက်များဖြင့် ဂျုံဦးထုပ်များ ချုပ်လုပ်ရပါသည်။ ကျွမ်းကျင်သည့် ဦးထုပ်ချုပ်လုပ်သူများအနေဖြင့် တစ်ရက်လျှင် ဦးထုပ်(၂၅)လုံးမှ (၃၀)လုံးထိ ချုပ်လုပ်နိုင်ကြပြီး အချောထည်အနုစိတ်ချုပ်လုပ်ပါက တစ်ရက်လျှင်(၂၀)လုံးခန့်သာ ချုပ်လုပ်နိုင် ကြောင်း သိရှိရသည်။ ချုပ်ပြီးဦးထုပ်များကို ဆေးချွတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဆေးရေး၊ ဆေးခြယ်၊ မှိုရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရကြောင်း သိရှိရသည်။
ဈေးနှုန်းများအနေဖြင့် ဦးထုပ်အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဦးထုပ်အလတ်တစ်လုံး လျှင်(၃၅၀၀)ကျပ်၊ ဦးထုပ်အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ် နှင့် ဇာရောင်စုံအနားကွပ်ဖြင့် အလှဆင် ထားသည့် အမျိုးသမီးဆောင်း ဦးထုပ်တစ်လုံးလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် အခြားမြို့ရွာများရှိ ငွေကြိုထုတ်ပေးထားသည့် ကုန်သည်များမှ ကျေးရွာအရောက် လာရောက်ဝယ်ယူမှုများ ရှိသကဲ့သို့ ရွာကုန်သည်များမှလည်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ မန္တလေးနှင့် ဗန်းမော်မြို့များအထိ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)