Main menu

ဘေးကြား(ခ)ရွှေဘိုပေါ်ဆန်းစပါး

Powered by Drupal

              မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။  မြန်မာနိုင်ငံသည် ဆန်ကိုအဓိကထားစားသုံးကြ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် စပါးကို အဓိကစိုက်ပျိုးကြသည်။မြန်မာနိုင်ငံ အနှံ့အပြားတွင် စပါးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ရေရရှိမှုအပေါ်မူတည်၍စိုက်ပျိုးချိန်နှင့်စိုက်ပျိုးရာသီများ ကွဲပြားခြားနားကြသည်။  စစ်ကိုင်းတိုင်း ဒေသကြီးတွင်ခရိုင်/မြို့နယ်အလိုက် စပါးစိုက်ပျိုးရာ ရွှေဘိုခရိုင်၏ စပါးအဓိက စိုက်ပျိုးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးသည်အထက်မြန်မာပြည်၏ စပါးကျီဖြစ်လာသည်။

              ရွှေဘိုခရိုင်တွင် လယ်မြေစိုက်ဧက စုစုပေါင်း (၃၅၈၈၈၅)ဧကရှိသည့်အနက် မိုးစပါး  စိုက်ဧကစုစုပေါင်း(၃၃၂၁၀၇) ဖြစ်ကြောင်းသိရှိရပါသည်။ ရွှေဘိုခရိုင်တွင် မိုးစပါးများကို ဧရာမင်း၊ ပေါ်ဆန်းအမျိုးအစားများစိုက်ပျိုးကြပြီး ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့သည် ဘေးကြား (ခေါ်)ရွှေဘိုပေါ်ဆန်းအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။ ရွှေဘိုပေါ်ဆန်းသည် နေရာဒေသ မရွေးစိုက်ပျိုး၍မရသောစပါးဖြစ်သည်။ ရွှေဘိုခရိုင်အတွင်းနေရာဒေသအသီးသီးမှ ထွက်ရှိသော စပါးများသည်ရေ၊မြေဒေသအလိုက်စပါးအရည်အသွေးကွဲပြားမှုရှိပါသည်။ထိုအထဲမှ ရွှေဘိုမြို့နယ် နှင့်ဝက်လက်မြို့နယ်မှထွက်ရှိသောစပါးသည် အရည်အသွေးအကောင်းဆုံးဖြစ်သည်။ အရည် အသွေးပေါ်မူတည်၍ဈေးနှုန်းလည်းကွာခြားမှုရှိပါသည်။လူအများစုသည် ပစ္စည်းအမျိုးအမည် နှင့်မြို့အမည်များကိုတွဲလျက်မှတ်သားထားတတ်ကြပါသည်။ ရွှေဘိုမြို့ဟုဆိုသည်နှင့် ရွှေဘို သနပ်ခါး၊ ရွှေဘိုပေါ်ဆန်းဟူ၍မှတ်သားထားကြသည်။ရွှေဘိုပေါ်ဆန်းသည်နာမည်ကြီးသည် နှင့်အမျှလူကြိုက်လည်းများ၊ဈေးကောင်းလည်းရသည်။ ဒေသခံတောင်သူများမှ ရွှေဘိုပေါ်ဆန်း ကို“သူဌေးစားတဲ့ဘေးကြား”ဟုတင်စားခေါ်ဝေါ်ကြကြောင်းသိရှိရပါသည်။

              ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်တွင် မိုးစပါးများကို၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၉၊၂၀)ရက် အတွင်း စပါးမျိုးစေ့များကိုပျိုးထောင်ကြပြီး (၂၀၊၂၅)ရက်သားအချိန်တွင် ပျိုးပင်များနှုတ်၍ စိုက်ပျိုး ကြပါသည်။စိုက်ပျိုးပြီး(၅)လခန့်အကြာတွင်မိုးစပါး(ခေါ်)ကောက်ကြီးစပါးများရိတ်သိမ်းနိုင်ကြောင်း သိရှိရပါသည်။ရွှေဘိုပေါ်ဆန်း (၁) ဧကကုန်ကျစရိတ်မှာစပါးမျိုးစေ ့တစ်တင်း လျှင်ကျပ်(၅၅၀၀၀/-) ဖြင့်(၁)တင်းခွဲ၊မြေဩဇာ(၃)မျိုးစပ်(၁)အိတ်လျှင်ကျပ်(၁၅၀၀၀၀/) ဝန်းကျင် ဖြင့်(၃)အိတ်၊(၁)ဧက စက်ရိတ်သိမ်းခကျပ်(၂၅၀၀၀၀/-)နှင့် စိုက်ခ၊ပျိုးနှုတ်ခ၊ပိုးသတ်ဆေး၊အားဆေး၊ သယ်ခ၊ လုပ်သားခ စုစုပေါင်းကုန်ကျစရိတ်ကျပ်(၆၃၇၅၀၀/-) ဖြစ်၍ပျိုးချိန်မှ စပါးရိတ်သိမ်းပြီးအိမ်အရောက်အထိ  (၁)ဧက စုစုပေါင်း ကုန်ကျစရိတ်ကျပ်(၁၅၀၀၀၀၀/-) ခန့်ကုန်ကျကြောင်း ဝက်လက်မြို့နယ်ရှိ စပါးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ကောက်ကြီးစပါးသည် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလတွင် လှိုင်လှိုင်ပေါ်ပြီးယခုနှစ်ကောက်ကြီးစပါး(၁)ဧကအထွက်နှုန်းမှာ(၆၅)တင်းမှ(၈၅)တင်းအထိထွက်ရှိ ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စပါး(၁)ဧကအထွက်နှုန်း(၅)တင်းမှ (၁၀)တင်းအထိ လျော့နည်း ကြောင်းသိရှိရပြီးစပါးဈေးနှုန်းမှာ ယခုနှစ် ကောက်ကြီးစပါးအစို တင်း(၁၀၀)လျှင် ကျပ် (၃၄၀၀၀၀၀/-) ဝန်းကျင်ရှိပြီး ယခင်နှစ် စပါးအစိုတင်း(၁၀၀)လျှင် ကျပ် (၃၇၀၀၀၀၀/-)ဖြစ်၍ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါကစပါးဈေးနှုန်းတင်း(၁၀၀)လျှင်ကျပ်(၃၀၀၀၀၀/-)ထိလျော့နည်းကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)