မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေများတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးကြသည့်အပြင် ဖီးကြမ်းငှက်ပျောကိုလည်း စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း သိရသည်။
ငှက်ပျောသီးကို ငှက်ပျောသီးမှည့်အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူးတင်းအစရှိသော သရေစာများလုပ်၍ စားသုံးနိုင်သည်။ ငှက်ပျောသီးမှည့်ကို ရှေ့လူကြီးများအဆိုအရ မနက်ငှက်ပျောညသင်္ဘောဆိုသလို မနက်စာဖီးကြမ်းငှက်ပျောသီးမှည့်တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုပြီး အဟာရပြည့်ဝစေပါသည်။ ဖီးကြမ်းငှက်ပျောသီးသည် ကိုယ်ခံအား ကောင်းစေသည့်အပြင် အစာအာဟာရအုပ်စု(၃)စုအနက် အာဟာရပြည့်ဝသည့် အစာအုပ်စုတွင် ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဖီးကြမ်းငှက်ပျောသီး တစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကိုကောင်းမွန်စေပြီး ရောဂါများမဖြစ်စေရန် ကာကွယ်ပေးကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ပွင့်ဖြူမြို့၊ မြို့မဈေးအတွင်းရှိ ငှက်ပျောရောင်းဝယ်ရေးဆိုင်များ၌ ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် ကျပ်(၃၀၀၀-၃၅၀၀၀)ဖြစ်ရောင်းချလျက်ရှိပြီး စလင်း- ဆင်ဖြူကျွန်းနှင့် ချောက်မြို့နယ်များသာမက မင်းဘူး၊ မကွေးမြို့များထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)