Main menu

ဈေးကွက်အတွင်း စားသုံးဆီ ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဆီကုန်သည်/ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး  ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူ ပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ရန်ကုန် အထိုင်ဈေး (အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း) ထုတ်ပြန်ကြေညာခြင်း၊ အခြေခံရည်ညွှန်း ဈေးနှုန်းအပေါ်  အခြေခံ၍ သက်ဆိုင်ရာဒေသအရောက် ကုန်ကျစရိတ်များ တွက်ချက်၍ စားအုန်းဆီ တစ်ပိဿာ အရင်းဈေးနှုန်းများ ထုတ်ပြန်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် ပတ်သက်၍ ( ၂၃.၅.၂၀၂၂ ) ရက်၊ တနင်္လာနေ့၊ နေ့လည် ( ၃:၃၀ ) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီကုန်သည်များကို  မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို ယခင် တစ်လလျှင် တန်ချိန် (၈၀၀၀၀) ခန့် တင်သွင်းနေရာမှ ယခုအခါ တစ်လတန်ချိန် (၅၀၀၀၀)ထိ လျော့ချ၍ တင်သွင်းလျှက်ရှိကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင် စားသုံးသူပြည်သူများ ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် Food Grade အဆင့်ရှိ Yellow Colour New Drum ၊ Clean Drum များ အသုံးပြု၍ သယ်ယူဖြန့်ဖြူးရန် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျှက်ရှိ ကြောင်း၊ ဆီများ ဝယ်ယူရာတွင် အတွင်း/ အပြင် သန့်ရှင်းသော အဝါရောင်ပီပါများဖြင့် ထည့်သွင်း ဝယ်ယူရန် သတ်မှတ်ချက်အား ( ၁၅.၆.၂၀၂၂ ) ရက်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်၍ ဆီလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆက်လက်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil , Cooking Oil ) များနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးအတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ အမျိုးအမည် ဖော်ပြရန်နှင့် အလေးချိန်ကို ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ၎င်းညွှန်ကြားချက်မှာ ( ၂၀.၆.၂၀၂၂ ) ရက်နေ့မှစ၍ အာဏာတက်ရောက်မည်ဖြစ်၍ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်ရှိ စားအုန်းဆီဈေးနှုန်း ကို အပတ်စဉ် ရန်ကုန်အထိုင် အခြေခံရည်ညွှန်းဈေး သတ်မှတ်၍ ပြည်တွင်းဈေးကွက်၌ ရောင်းချ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လောလောဆယ် ရန်ကုန်ဆီလှောင်ကန်များတွင် ဆီလက်ကျန်အခြေအနေအရ ထိန်း၍ ထုတ်ပေးနေရကြောင်း၊ မကြာမီ ဆီသင်္ဘောများ ဆိုက်ရောက်မည်ဖြစ်၍ နယ်ကုန်သည်များ ဆီလိုအပ်သလောက် ရောင်းချပေးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။

              ဆက်လက်ပြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ ဆွေးနွေးရာတွင် စားအုန်းဆီ ဈေးနှုန်းအား လက်ကားရည်ညွှန်းဈေးသတ်မှတ်ထားသော်လည်း ရန်ကုန်မြို့သို့ သွားရောက်ဝယ်ယူသည့်အခါတွင် သတ်မှတ်ထားသော လက်ကားရည်ညွှန်းဈေးနှုန်းအတိုင်း လိုသလောက် ဝယ်ယူ၍ မရခြင်း၊ မိမိရောင်းအားအပေါ် မူတည်၍ ကားတစ်စီးဆံ့ ပီပါ အလုံး ( ၉၀ / ၁၀၀ ) အတွက် လိုအပ်သည့် ဆီများကို စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီများမှ လိုသလောက် မရရှိသဖြင့် တစ်ဆင့်ခံဖြစ်သော ဘုရင့်နောင်ဈေးကွက်မှ ဝယ်ယူရသည့်အတွက်  ဒေသအတွင်း ပြန်လည် ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက်ဈေးနှုန်းများအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ရောင်းချသော်လည်း အခြေခံရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံ၍ သက်ဆိုင်ရာ ဒေသအရောက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် တွက်ချက်ထားသည့် ဈေးနှုန်းထက် ဈေးမြင့် နေကြောင်း၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ ပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည့် ညွှန်ကြားချက်များလည်း ရှိနေသည့် အတွက် ဆီကုန်သည်များအနေဖြင့် အခက်အခဲဖြစ်နေမှုအပေါ်  ဌာနမှ ကူညီဖြေရှင်းပေးစေလို ကြောင်း၊ ရန်ကုန်မြို့ရှိ စားအုန်းဆီရောင်းချသည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ၊ 6 Winner Brother ၊ First Stop၊  DD ၊ ဝေမာ၊ အေးရှားဝါလ်၊ ပြည့်ဖြိုးအောင် စသည့်ကုမ္ပဏီများအနက် မကွေးခရိုင်အတွင်းရှိ ဆီကုန်သည်များ အများဆုံး ဝယ်ယူသည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ၊ 6 Winner Brother နှင့် ပြည့်ဖြိုးအောင်ကုမ္ပဏီတို့ဖြစ်ကြောင်း၊  ဆီဝယ်ယူရာတွင်လည်း ကုမ္ပဏီများမှ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရသာ  ဆီများ ရောင်းချပေးလျှက်ရှိသည့်အတွက် ၎င်းတို့အနေဖြင့် မိမိတို့မြို့ စားသုံးဆီ မပြတ်လပ်စေရေးအတွက် ဆောင်ရွက်နေရမှုအပေါ် ဌာန၏ သတ်မှတ်ဈေးနှုန်းထက် အနည်းငယ် ကြီးမြင့်နေမှုအား နားလည်ပေးစေလိုကြောင်းနှင့်  အဝါရောင်ပီပါ ပြောင်းလဲသုံးစွဲရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာမရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။

              ဆီကုန်သည်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီးအတွင်း စားသုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဆီကုန်သည်များ ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေစေရေးအတွက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဒေသ အာဏာပိုင်နှင့် အထက်ဌာနများသို့ တင်ပြ၍ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)