Main menu

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးများ စတင်ရိတ်သိမ်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့်အဖွဲ့သည် (၂၀.၅.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်ခေါင်း မြို့နယ်၊ ကင်ပွန်းခြုံကျေးရွာအုပ်စု၊ ရေဖြူကျေးရွာသို့သွားရောက်၍ နွေစပါးစိုက်ပျိုးလျှင်ရရှိနိုင်သည့် တောင်သူအကျိုးအမြတ်၊ စပါးဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပြည်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ဧကမှာ (၆၁၀၀၀)ခန့် စိုက်ပျိုးပြီး ပေါက်ခေါင်း မြို့နယ်အနေဖြင့် ဧက (၁၀၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပါသည်။ နွေစပါးများစိုက်ပျိုးသော ရေဖြူ ကျေးရွာရှိ တောင်သူ ဦးဝင်းမောင် နှင့် တွေ့ဆုံမေးမြန်းရာ နွေစပါးစိုက်ဧက (၇)ဧက စိုက်ပျိုး ထား ရှိပြီး ယခုအချိန်တွင် စပါးများရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးသည့်  စပါးမျိုးများမှာ GW-11 မျိုးဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၅)တင်းခန့်ထွက်ရှိကြောင်း၊ နွေစပါးတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၃)သိန်းကျော်ကုန်ကျကြောင်း၊ ရိတ်သိမ်းခြွေလှေ့ခ အနေဖြင့် တစ်ဧကလျှင် (၇၀၀၀၀)ကျပ်ခန့် ကုန်ကျသဖြင့် စုစုပေါင်း ကုန်ကျစရိတ်မှာ (၃၇၀၀၀၀) ကျပ် ခန့်ကုန်ကျကြောင်း သိရပါသည်။ နွေစပါးဈေးအနေဖြင့် ပေါင် (၅၀)တင်း (၁၀၀)လျှင် ကွင်းဈေး (၇၁၀၀၀၀)ကျပ်ခန့်ရှိပြီး စက်အရောက်ဈေးမှာ ပေါင်(၅၀)တင်း (၁၀၀)လျှင် ကျပ်(၈)သိန်း ကျော်ရှိသည်ဟုသိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၃)သိန်းခန့် ရရှိသည်ဟု သိရပါသည်။

          ယခုနှစ်အနေဖြင့် စက်သုံးဆီဈေးများမြင့်တက်လာမှုကြောင့် ထွန်ယက်ရိတ်သိမ်း ခြွေလှေ့ခ ဈေးများ မြင့်တက်လာခြင်း၊ သွင်းအားစုဈေးနှုန်းများ ဈေးမြင့်လာခြင်းတို့ကြောင့် တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် ပိုမိုကုန်ကျသော်လည်း စပါးဈေးမှာ ယခင်နှစ်က ထက် ပိုမိုရရှိသည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်ရရှိသော်လည်း သွင်းအားစုဈေးနှုန်းများ ဈေးသက်သာစွာရရှိမည်ဆိုပါက ယခုထက်ပိုမို၍ တောင်သူများအကျိုးအမြတ် ပိုမိုရရှိလာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)