Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သောကုန်စည်စာရင်းသတ်မှတ်

          ပြည်ပသို့တင်ပို့နေသော ကုန်စည်လိုင်းများနှင့်စပ်လျဉ်း၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီတို့အား ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ကြောင်းကို ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြော်ငြာခဲ့သော ပို့ကုန်သွင်းကုန် သတင်းလွှာ၌ဖော်ပြထားကြောင်း၊ ပြည်ပသို့ တင်ပို့သည့်ကုန်စည်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေး စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးအစရှိသည့် ရည်ရွယ်ချက်များဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်လိုင်းများအဖြစ် 2017 Customs Tariff of Myanmar အရ  HS Code 6 digit ဖြင့် ကုန်စည်(၁၂၃၆)လိုင်းကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) နှင့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၃/၂၀၂၂)တို့ဖြင့် ထုတ်ပြန်သတ်မှတ်ထားကြောင်း၊ ယခုအခါ ကုန်သွယ်ဖက်နိုင်ငံများနှင့်ချုပ်ဆိုထားသောစာချုပ်များအရ ပြည်ပသို့ စနစ်တကျ တင်ပို့နိုင်ရန်လည်းကောင်း၊ နိုင်ငံတကာ စားသုံးဆီရောင်းလိုအား နည်းခြင်းကြောင့် ပြည်တွင်းဈေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနှင့် စားသုံးဆီ တင်ပို့မှုများအား  ထိန်းညှိနိုင်ရန်လည်းကောင်း၊ 2017 Customs Tariff of Myanmar အရ ပဲမျိုးစုံအကျုံးဝင်သည့် HS Code 6 digit ဖြင့်  ကုန်စည်(၁၅)လိုင်း(သို့) HS Code 10 digit ဖြင့် ကုန်စည် (၅၃)လိုင်း၊ ဆီထွက်သီးနှံအကျုံးဝင်သည့် HS Code 6 digit ဖြင့် ကုန်စည်(၁၄)လိုင်း(သို့) HS Code 10 digit ကုန်စည်(၁၈)လိုင်းနှင့် စားဆီအကျုံးဝင်သည့် HS Code 6 digit ဖြင့် ကုန်စည် (၂၄) လိုင်း(သို့) HS Code 10 digit ဖြင့် ကုန်စည်(၁၁၀)လိုင်း၊ စုစုပေါင်း HS Code 10 digit ဖြင့် ကုန်စည်(၁၈၁)လိုင်းကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သောကုန်စည်လိုင်းများအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ထိုကဲ့သို့ ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို  ပြည်ပသို့ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်သည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)

ကျင်စန်းကျော့-ဝမ်တိန်ဂိတ်ကုန်သွယ်ရေးအားကောင်းလာ

          မေလ ၁၆ ရက်မှစ၍ မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံဘက်သို့ ကျင်စန်းကျော့-ဝမ်တိန် ဂိတ်မှ  ဝင်ရောက်ထွက်ခွာခွင့်ရရှိလာသောကြောင့် ကုန်သွယ်ရေးပြန်လည်အားကောင်းလာခဲ့ရာ မြန်မာနိုင်ငံက မြန်မာလိုင်စင်ဖြင့်ကားများကို အစားထိုးယာဉ်မောင်းစနစ်နှင့် တရုတ်နိုင်ငံတွင်းသို့ တိုက်ရိုက်ဝင်ခွင့်ပြုပြီး တရုတ်နိုင်ငံကလည်း တိုက်ရိုက်ထွက်ခွင့်ပြုသည်ဟု မူဆယ်နယ်စပ်ကုန်စည်ဒိုင် အသင်းဥက္ကဋ္ဌ က ပြောကြားခဲ့ကြောင်း၊ ယာဉ်မောင်းမှာ အစားထိုးယာဉ်မောင်းဖြစ်ပြီး မြန်မာနိုင်ငံဘက် ကကားများ တိုက်ရိုက်ဝင်ခွင့်ရသဖြင့် စရိတ်ကုန်ကျမှု သက်သာသွားရာ ယခင်ကဆန်အိတ်(၁၀၀၀)လျှင် ကျပ်သိန်း(၁၀၀)ခန့်ကုန်ကျစရိတ်ရှိသော်လည်း ယခုကျပ်(၁၀)သိန်းခန့်သာ ကုန်ကျသဖြင့် ကုန်သည်များလည်း အကျိုးအမြတ်ရှိလာပြီး ကုန်ကားများတန်းစီစောင့်ရခြင်းများမရှိတော့သဖြင့် အဝင်အထွက်လည်း မြန်ဆန်သွားကြောင်း၊ သို့ဖြစ်၍ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်မှာ အားကောင်းတိုးတက်လာမည်ဟု မျှော်လင့်ရပြီး မြန်မာ့ပို့ကုန်များ မော်တော်ယာဉ်အပြောင်းအလဲလုပ်စရာမလိုတော့သော်လည်း တရုတ် နိုင်ငံမှ အစားထိုးယာဉ်မောင်းများဖြင့်သာ မောင်းနှင်ရဉီးမည်ဖြစ်ကြောင်း၊ အသီးရောင်းချမည့်ကုန်သည် ပွဲစားများ တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်းသို့ဝင်ခွင့်ပြုတော့မည်ဖြစ်ပြီး ထို့အတွက်  Quarantine ၇ ရက် (သို့) ၁၄ ရက် ဝင်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)

မလေးရှားစားအုန်းဆီဈေးနှုန်းဆက်လက်ကျဆင်းမည်ဟုခန့်မှန်း

          စားအုန်းဆီအများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းမည်ဟု ကြေညာပြီးချိန်၌ အကျဘက်သို့ဦးစိုက်စပြုနေသည့်  စားအုန်းဆီဈေးနှုန်းများ ဆက်လက်ကျဆင်းသွားစေခဲ့ကြောင်း၊ ရောင်းလိုအားပိုများလာပြီ ဝယ်လိုအားများ လျော့ကျနေသည့်အတွက်  ကျဆင်းလက်စကို ဆက်လက်ကျဆင်းသွားစေခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ဧပြီ လ ၂၈ ရက်တွင်စတင်ခဲ့သည့် စားအုန်းဆီပြည်ပတင်ပို့မှု ပိတ်ပင်တားမြစ်ချက်သည် မေလ ၂၃ ရက်တွင် အဆုံးသတ်မည်ဖြစ်ပြီး လာမည့်ဇူလိုင်လ၊ ဩဂုတ်လတွင် စားအုန်းဆီတစ်တန်ဈေးနှုန်း ရင်းဂစ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၃၅) အထိ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ မလေးရှား စားအုန်းဆီကို အများဆုံးဝယ်ယူသည့် တရုတ်နှင့်အိန္ဒိယတို့သို့ တင်ပို့မှုမှာ မေလ၊ပထမလဝက်တွင် လျော့ကျခဲ့ခြင်းမှာ အိန္ဒိယနိုင်ငံမှဝယ်လက်များက ဈေနှုန်းကြီးမြင့်မှုကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံက Lockdown ကြောင့် လျှော့ဝယ်ကြခြင်းဖြစ်ကြောင်း၊ ကွာလာလမ်ပူ ကြိုပွိုင့်အရောင်းအဝယ်မှာလည်း ဈေးကျဆင်းခဲ့ပြီး ဝါရင့်ကုန်သည်တစ်ဉီးက စားအုန်းဆီဈေးနှုန်းများသည် ဇွန်လတွင် တစ်တန်လျှင် ရင်းဂစ် ၅၀၀၀ အထိ  ကျဆင်းနိုင်ပြီး စက်တင်ဘာလတွင်  ရင်းဂစ် ၄၀၀၀ အထိကျဆင်းမည်ဟုခန့်မှန်း ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)

ပြောင်းဆန်တင်ပို့မည့် EOI Form စာရင်းတင်သွင်းလာသည့်ကုမ္ပဏီ ၁၄၀ ကျော်ရှိ

          တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့မည့်ကုမ္ပဏီများ စိစစ်မှတ်ပုံတင်ခြင်းဆိုင်ရာ စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI Form) စာရင်းတင်သွင်းလာသည့်ကုမ္ပဏီ ၁၄၀ ကျော်ရှိပြီး အဆိုပါ EOI Form စာရင်း တင်သွင်းလာသည့်ကုမ္ပဏီများကို စားသုံးသူရေးရာဉီးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများကို လုပ်ဆောင်နေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ က ဆင်ဟွာသတင်းသို့ ပြောကြားခဲ့ကြောင်း၊ ထိုသို့စစ်ဆေး၍ရ ရှိလာသော သုံးသပ်ချက်နှင့်ရလာဒ်အဖြေများကို  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အတွင်းဝန်များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ လမ်းကြောင်း ပွင့်သွားပါက လုပ်ငန်းရှင်များအနေဖြင့် Logistic  ပိုင်းတွင် များစွာသက်သာသွားမည်ဖြစ်ပြီး အရည်အသွေး စစ်ဆေး၍ ‌အောင်မြင်သည့်ကုမ္ပဏီများက တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြောင်းဈေးကွက်မှာ အတက်ဘက်တွင်ရှိနေရာ ဇူလိုင်လနှင့်ဩဂုတ်လတွင် တရုတ်နိုင်ငံသို့ ပြောင်းဆန်များ စတင်တင်ပို့ခွင့်ရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)

တရုတ် - မြန်မာ နှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုး

          တရုတ် အ‌ကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနှင့် မြန်မာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သည်  မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့်အတွက်  တရုတ်မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ မြန်မာ့ပြောင်းဖူး များ တရုတ်ဈေးကွက်သို့ဝင်ရောက်နိုင်ပြီး ပင်လယ်ရေကြောင်းနှင့်နယ်စပ်လမ်းကြောင်းတို့မှ တရားဝင် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ပဲပုပ်၊ ပီလောပီနံနှင့်ကန်စွန်းဥအတွက် ညှိနှိုင်းမှုပြုလုပ်နေဆဲဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)