Main menu

မုံရွာကုန်စည်ဒိုင် ဈေးကွက်၌ ကုလားပဲ ဈေးတရိပ်ရိပ်နှင့် မြင့်တက်လာ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ မေလ ဆန်းပိုင်းမှစကြ ကုလားပဲသီးနှံများဖြစ်သည့်(V3,V2,929,ထိုင်ဝမ်) ပဲများမှာ တရိပ်ရိပ်နဲ့ ဈေးနှုန်းမြင့်တက်လာသည့်အတွက် တောင်သူများ ဈေးကောင်းရလျှက်ရှိကြောင်း သိရသည်။ ကုလားပဲဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ပွဲရုံကုန်သည်များထံ အပ်နှံထားသည့် တောင်သူများမှာလည်း လက်ရှိတက်ဈေးကို အားရကျေနပ်သည့်အတွက် ဈေးဖြတ်တောင်သူများပြားလာကြောင်း ကုန်သည်ရပ်ဝန်းမှ လေ့လာသိရှိရပါသည်။

          ကုလားပဲကို ပြည်ပမှဝယ်လိုအားရှိနေသကဲ့သို့ ပြည်တွင်းပဲခွဲစက်များနှင့် ကြာဇံစက်များမှာလည်း ကုန်ကြမ်းဝယ်ယူစုဆောင်းမှုများ ရှိနေသည့်အတွက် ကုလားပဲဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ယခုမေလ စတုတ္ထပတ်အတွင်း၌ ကုလားပဲဖြူလုံးကြီး (V3) တစ်တင်းလျှင် (၅၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး (V2) တစ်တင်းလျှင် (၄၈၅၀၀) ကျပ် 929 တစ်တင်းလျှင် (၄၆၀၀၀) ကျပ်နှင့် ထိုင်ဝမ်တစ်တင်း (၄၄၇၀၀) ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပြီး ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲတစ်တင်းလျှင် (၁၀၀၀) ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။

       ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ တစ်ရက်လျှင်ကုလားပဲအိတ် (၅၀၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့ကြီးများမှာလည်း ဝယ်ယူလျက်ရှိကြောင်း ကုန်သည်ရပ်ဝန်းမှ သိရသည်။ ယခုနှစ်တွင် ကုလားပဲဈေးကွက် အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခင်နှစ်ကထက် ဈေးပို့မို့ရရှိခဲ့ကြောင်း၊ ယခုနှစ်သွင်းအားစုဈေးနှုန်းများမှာ မြင့်တက်ခဲ့၍ တစ်ဧကကုန်ကျစရိတ် မြင့်မားခဲ့သော်လည်း ဈေးကောင်းရသည့်အတွက် အကျိုးအမြတ်ရှိခဲ့ကြောင်း ကုလားပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)