ဘာစမာတီဆန်၏ မူလဇစ်မြစ်ဒေသနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အငြင်းပွားမှုဖြစ်ပေါ်လျက် ရှိရာတွင် ဘာစမာတီဆန်သည် ပါကစ္စတန်နိုင်ငံ၏ ထုတ်ကုန်ဖြစ်သည်ဟု နယူးဇီလန်နိုင်ငံနှင့် ဩစတေးလျနိုင်ငံတို့က တရားဝင် အသိအမှတ်ပြုခဲ့ရာ ကမ္ဘာ့ဈေးကွက်၌ ပါကစ္စတန် ဘာစမာတီ ဆန်၏ ရပ်တည်နိုင်မှုအား ပိုမိုခိုင်မာစေသည့် အောင်ပွဲတစ်ရပ် ရရှိခဲ့သည်ဟု Startup Pakistan သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ဥရောပသမဂ္ဂသည်လည်း ပါကစ္စတန်အား မျက်နှာသာပေးမည့် အလားတူဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ သမိုင်းမှတ်တမ်းများအရ ဘာစမာတီဆန်၏ မူလ အစသည် ပါကစ္စတန်နိုင်ငံရှိ Hafizabad ခရိုင်မှဖြစ်ပြီး ၎င်း၏ တောင်းဆိုပိုင်မှု အခွင့်အရေးကို အတည်ပြုနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန်အား တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရှိသော ပင်ရင်းဒေသအဖြစ် တောင်းဆိုလျက်ရှိကြောင်း၊ သို့သော် ကုန်သည်များနှင့် ကျွမ်းကျင်သူပညာရှင် များက ပါကစ္စတန်ဘက်မှ ခိုင်မာစွာ ထောက်ခံခဲ့ကြကြောင်းဖြင့် အဆိုပါ သတင်းဌာနက ဖော်ပြ ထားသည်။
ယခုကဲ့သို့ အသိအမှတ်ပြုမှုခံရခြင်းသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၇ ဘီလီယံရှိသော ကမ္ဘာ့ ဘာစမာတီဆန်ဈေးကွက်တွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေမည်ဖြစ် သည်။ ဘာစမာတီဆန် ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဘီလီယံအထိ ရောက်ရှိမှုနှင့်အတူ ပါကစ္စတန် နိုင်ငံအနေဖြင့် ကမ္ဘာ့ဘာစမာတီဆန်ဈေးကွက်၌ ဦးဆောင်ပါဝင်လျက်ရှိသည်။ ပထဝီဒေသဆိုင်ရာ ရပိုင်ခွင့်များနှင့် နိုင်ငံတကာဥပဒေများက ပါကစ္စတန်၏ တောင်းဆိုမှုကို အကာအကွယ်ပေးလျက် ရှိကြောင်း၊ ပါကစ္စတန်နိုင်ငံသည် ၎င်း၏ စိုက်ပျိုးရေးဆိုင်ရာ အမွေအနှစ်မှ အကျိုးကျေးဇူးများကို ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားသည်။
ဘာစမာတီဆန်၏ ပင်ရင်းဒေသ မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှု ဆက်လက်ဖြစ်ပေါ်နေချိန်၌ ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် ပါကစ္စတန် လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အတွက် ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးမှု အပြင် စိုက်ပျိုးရေး အမွေအနှစ်ကိုလည်း အကာအကွယ်ပေးနိုင်ကြောင်း သိရှိရသည်။
Source: Startup Pakistan, 12 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)