Main menu

မကွေးတိုင်းဒေသကြီးမှ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်

Powered by Drupal

           မကွေးတိုင်းဒေသကြီးသည်  မြန်မာနိုင်ငံအလယ်ပိုင်း မြောက်လတ္တီတွဒ်(၁၈ ဒီဂရီ ၅၂ မိနစ်) နှင့် (၂၂ ဒီဂရီ ၄၃ မိနစ်)အကြား၊ အရှေ့လောင်ဂျီတွဒ် (၉၃ ဒီဂရီ ၅၂ မိနစ် နှင့် ၉၅ ဒီဂရီ ၅၁ မိနစ်) အကြားတည်ရှိပြီး (၁၇၃၀၅.၃၂)စတုရန်းမိုင်ကျယ်ဝန်းပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် နယ်နမိတ်ချင်းထိစပ်လျှက်ရှိပြီး လူဦးရေ(၄)သန်းကျော်ရှိ၍ ကျေးလက်နေလူဦးရေမှာ (၈၅)ရာခိုင်နှုန်းဖြစ်ပါသည်။

          ယခုအခါ နိုင်ငံတော်မှ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးအတွက် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို ယခင်က တစ်လလျှင် တန်ချိန် (၈၀၀၀၀) ခန့် တင်သွင်းနေရာမှ ယခုအခါ တစ်လတန်ချိန်(၅၀၀၀၀)အထိလျော့ချ၍ တင်သွင်းလျှက်ရှိရာ ပြည်တွင်း စားသုံးဆီသုံးစွဲမှုဖူလုံစေရေးအတွက် ဆီအိုးကြီးတိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီးမှလည်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် စီမံချက်များ ချမှတ်ဆောင်ရွက်ရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးအနေဖြင့် စားသုံးဆီထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်လာစေရန်၊ ပြည်ပစားသုံးဆီသုံးစွဲမှုလျော့ချလာစေရန်၊ ပြည်ထောင်စု၏ စားသုံးဆီဖူလုံမှုအား အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများပါဝင်သော ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းကော်မတီကိုဖွဲ့စည်း၍ သက်ဆိုင်ရာဌာနများမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်စေခြင်းဖြင့် စားသုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          မကွေးတိုင်းဒေသကြီးမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် မြေပဲ(၁၇၈၇၉၂)၊ နှမ်း(၁၄၅၈၈၈)၊ နေကြာ(၁၀၆၉၂)ဧက စိုက်ပျိုးခဲ့ပြီး စားသုံးဆီ(၁၅၉၇၀၃)မက်ထရစ်တန် ခန့်မှန်းထွက်ရှိခဲ့ပြီး တိုင်းဒေသကြီး၏ ဆီဖူလုံမှု(၃၈၈)ရာခိုင်နှုန်းရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး၏ ဆီဖူလုံမှု (၅၁၇)ရာခိုင်နှုန်းရရှိရေးအတွက် မြေပဲ(၇၈၉၉၉၀)၊ နှမ်း(၁၂၄၂၃၅၆)၊ နေကြာ(၄၆၆၃၈၀)ဧက စိုက်ပျိုးသွားရန် စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျှက်ရှိပြီး နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်းနေကြာ၊ မိုးနေကြာ တို့ကို သီးထပ်/ညှပ်စနစ်များဖြင့် စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧက တိုးမြှင့်ရေးနှင့် အထွက်နှုန်းတိုးတက်စေရေးအတွက် နေကြာမျိုးကောင်း/သန့် ရှာဖွေစုဆောင်းခြင်းလုပ်ငန်းများကို (၂၀၂၁-၂၀၂၂)မီနီ ဘတ်ဂျက်တွင် မျိုးတင်းရေ (၅၀၀၀)ဝယ်ယူနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရရန်ပုံငွေမှ ကျပ်သိန်း(၂၃၀၀) လျာထားဆောင်ရွက်ခဲ့ပြီး (၂၀၂၂-၂၀၂၃) မိုးရာသီတွင် (မျိုးသန့်)မျိုးစေ့ထုတ် ဧက(၈၀၀)နှင့် ဆောင်းတွင် ဧက (၃၀၀)စိုက်ပျိုးရန် လျာထားဆောင်ရွက်လျှက်ရှိပြီး စုဆောင်းထားရှိသည့် နေကြာမျိုးများမှာ သီးညှပ် စိုက်ဧကများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဧက(၁ပြည်)နှုန်း အခမဲ့ဖြန့်ဖြူး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေကြာမျိုးတင်း (၅၀၀၀)ကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေမှ ဝယ်ယူရာတွင် မကွေးခရိုင်၌(၂၂၀၀)တင်း ကျပ်သိန်း(၁၀၀၀)၊ မင်းဘူးခရိုင်၌ (၁၉၅၀) တင်းကျပ် သိန်း (၉၀၀)၊ ပခုက္ကူခရိုင်၌(၆၅၀)တင်း ကျပ်သိန်း(၃၀၀)နှင့် သရက်ခရိုင်၌ တင်း(၂၀၀) ကျပ်သိန်း (၁၀၀)ဖိုး ခွဲဝေချထားပေးပြီး ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သီးသန့်စိုက်ဧကများအတွက် မျိုးစေ့လိုအပ်ချက်အား ယခုနှစ်ဆောင်းရာသီစိုက်ပျိုးထားသော ဧရိယာများမှ ထွက်ရှိလာသည့် မျိုးစေ့များအား တိုင်းဒေသကြီးရန်ပုံငွေမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နေကြာမျိုးစေ့များ ထောက်ပံ့နိုင်ရေးကို နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများအား တိတိကျကျတာဝန်ပေး၍ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှတဆင့် မျိုးစေ့များထုတ်ပေးနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးမှုရှိ/မရှိ စိစစ်ကြပ်မတ်သွားရန်  စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။

          ပြည်ထောင်စု၏ စားသုံးဆီဖူလုံမှုအား အထောက်အကူပြုနိုင်စေရန်အတွက် ဆီထွက်သီးနှံများသာမက ဆီထွက်သီးနှံအုပ်စုဝင်အဖြစ် သတ်မှတ်ထားခြင်းမရှိသည့် စပါးမှ ဆန်သားဖြစ်လာစေရန် ကြိတ်ခွဲမှုဖြစ်စဉ်တွင် ဘေးထွက်ပစ္စည်းအဖြစ်ရရှိသည့် ဖွဲနုမှ စာသုံးဆီ ထုတ်ယူသွားရန်နှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါမှ စားသုံးဆီ ထုတ်လုပ်သွားရန်လည်း စီမံချက်ချဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ဖွဲနုမှ ထုတ်ယူရရှိသော ဖွဲနုဆီသည် ပြည့်ဝအဆီ(အက်ဆစ်)ပါဝင်မှု ရာခိုင်နှုန်း အလွန်နည်းခြင်း၊ မကောင်းသော ကိုလက်စထရောမြင့်တက်မှုကို ကာကွယ်ပေးနိုင်၍ နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း ပညာရှင်များက ထောက်ခံထားသည့်အတွက် တိုင်းဒေသကြီးအတွင်း ဖွဲနုဆီထုတ်လုပ်နိုင်သည့် စက်ရုံ(၁)ရုံ တည်ဆောက်နိုင်ပါက နိုင်ငံတော်၏ စားသုံးဆီ လိုအပ်ချက်ကို တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်သော စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း အစရှိသည့် ရင်းနှီးမြုပ်နှံလိုသည့် ပုဂ္ဂလိကအသင်းအဖွဲ့၊ ကုမ္ပဏီများရရှိရေးကိုလည်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်သွားရန် စီမံချက်များ ချမှတ်လျှက်ရှိကြောင်း သိရှိရပါ သည်။ မြန်မာနိုင်ငံတွင် (၁၉၆၂ မှ ၂၀၀၈-၂၀၀၉ ထိ) ဖွဲနုဆီထုတ်လုပ်ခြင်း လုပ်ငန်းကို နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ဖွဲနုဆီစက်ရုံ တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ နည်းပညာနှင့် အတွေ့အကြုံများရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးထားပါကြောင်း လေ့လာသိရှိရပါသည်။

      စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့်ဝါကို မကွေးတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် (၁၄၁၁၆၂)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၁၈၄၀၀၀)ဧက စိုက်ပျိုးသွားရန် လျာထားလျှက်ရှိပြီး ထွက်ရှိလာသောဝါကို ကြိတ်ခွဲကာ ဝါစေ့ဆီထုတ်လုပ်၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

          ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ဧက တိုးတက်ရေးဆောင်ရွက်မှုနှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ ဆီစက်များ၏ ဆီကြိတ်အထွက်နှုန်း တိုးတက်ရေးအတွက် ဆီစက်များအား အဆင့်မြှင့်တင်နိုင်ရေးကိုလည်း စက်မှုကြီးကြပ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများမှ ဆီစက်များ၏ကြိတ်ခွဲမှု၊ ထုတ်လုပ်မှု၊ ပဲဖတ်၊နှမ်းဖတ်များတွင် ဆီကျန်ရှိမှုရာနှုန်း၊ ဆီစက်လုပ်ငန်းရှင်များနှင့် ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ခွဲဝေချထားပေးထားကြောင်း သိရှိရပါသည်။

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းတွင် တည်ရှိ၍ မိုးရေချိန်ပျမ်းမျှလက်မ(၄၀)ခန့်သာ ရရှိပါသည်။  တစ်နှစ်ပျမ်းမျှမိုးရွာရက်မှာလည်း ရက်(၅၀)ခန့်သာရှိပြီး မိုးရေကိုသာအဓိကထား၍ စိုက်ပျိုးကြရာ ရာသီဥတုဖောက်ပြန်သည့်နှစ်များတွင် သီးနှံ အထွက်နည်း၍ တောင်သူများအရှုံးနှင့် ရင်ဆိုင်ရသည့်အခြေအနေမျိုး ကြုံတွေ့ရကြောင်း တိုင်းဒေသကြီးစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကများ တိုးတက်လာရေး ဆောင်ရွက် သည့်နည်းတူ သီးနှံရေလိုအပ်ချိန်တွင် ရေရရှိရေး မြစ်ရေတင်စီမံကိန်းဧရိယာများအတွင်း ဆီထွက် သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် မျိုးစေ့ထုတ်ဇုန်များသို့ ရေပေးဝေမှုနှင့် ပက်သက်၍ လိုအပ်သည့် စီမံခန့်ခွဲမှုများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်များခွဲဝေ သတ်မှတ်ထားကြောင်း သိရှိရပါသည်။

          တိုင်းဒေသကြီးဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ကုန်ထုတ်သမအသင်းများ ဖွဲ့စည်းရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ခြင်းနှင့် မျိုးစေ့ထုတ်သမအသင်းများ တောင်သူအစုအဖွဲ့များ ဖွဲ့စည်းလာရေးနှင့် ဆီစက်များအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို သမဝါယမဦးစီးဌာနအား တာဝန်ယူဆောင်ရွက်သွားရန် လုပ်ငန်းတာဝန်များခွဲဝေပေးထားကြောင်း သိရှိရပါသည်။

          ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာဌာနများမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း စားသုံးဆီထုတ်လုပ်မှု တိုးတက်မြင့်မားလာမည်ဖြစ်ပြီး ပြည်ပမှစားသုံးဆီတင်သွင်းမှု လျော့ချနိုင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုကို ချိုးခြံနိုင်မည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေအား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)