Main menu

ယခုနှစ်တွင် ဗီယက်နမ်၏ အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့မှုကြီးထွားမှု ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ရ

Powered by Drupal

          ၂၀၂၄ ခုနှစ်တွင် တင်ပို့မှုအထင်ကြီးဖွယ်ကြီးထွားမှုရရှိပြီးနောက် ၂၀၂၅ ခုနှစ်တွင်လည်း ဗီယက်နမ်၏ အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့မှုကြီးထွားမှု ဆက်လက်ထိန်းသိမ်း နိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ယခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုမှာ ဆက်လက်ကြီးထွားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄-၆၅ ဘီလီယံ ရရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။ ထိုရည်ရွယ်ချက်သည် လွန်ခဲ့သည့်နှစ်က ရရှိခဲ့သည့် ဝင်ငွေ အမေရိကန်ဒေါ်လ ၆၂.၄ ဘီလီယံ ထက်မြင့်မားသည့်အတွက် ဆက်လက်တိုးချဲ့ ရန်အတွက် ကဏ္ဍ၏အလားအလာကို ပြသနေကြောင်း သိရပါသည်။ လတ်တလောတွင် ဆန်၊ ကော်ဖီနှင့် ပင်လယ်စာအစရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့မှုမှာ အဓိကကမ္ဘာ့ ဈေးကွက်များတွင် တည်ငြိမ်မှုရှိနေကြောင်း သိရပါသည်။ ယခုနှစ်တွင် ဆန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၆-၆.၅ ဘီလီယံ ရရှိရန်မျှော်လင့်ရပြီး အရည်အသွေးမြင့်သော ဆန်အမျိုးအစားများကို အဓိကတင်ပို့နိုင်ရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ဒူးရင်း၊ ငှက်ပျောသီးနှင့် နဂါးမောက်သီးတို့ပါဝင်သည့် သစ်သီးနှင့်ဟင်းသီး ဟင်းရွက်ကဏ္ဍ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၈.၅-၉ ဘီလီယံ ရရှိရန် ခန့်မှန်း ထားကြောင်း သိရပါသည်။ ပုဇွန်၊ Pangasius ငါး နှင့် တန်ဖိုးမြင့်ပြုပြင် ထုတ်လုပ်ထားသည့် ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀.၅-၁၁ ဘီလီယံ ရရှိရန်ခန့်မှန်းထားကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ နှင့် အမေရိကန်ကဲ့သို့သော အဓိကဈေးကွက်များတွင် ဝယ်လိုအားစဉ်ဆက်မပြတ် ကြီးထွားလာမှု ကြောင့် ပြုပြင်ထုတ်လုပ်ထားသည့် သစ်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ၁၇-၁၈ ဘီလီယံ ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ ဒုတိယအထွေထွေအတွင်းရေးမှူးဖြစ်သူ Nguyen Hoai Nam ၏ အဆိုအရ ရေထွက်ကုန်ကဏ္ဍသည် ၂၀၂၅ တွင် ဆက်လက်ကြီးထွားရန်မျှော်လင့်ရပြီး ၂၀၂၂ ခုနှစ်ကရရှိခဲ့သည့် တင်ပို့မှုစံချိန် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိရန် အလားအလာရှိကြောင်း သိရပါသည်။ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်မှုနှင့် အဆင့်မြင့်ပြုပြင်ထုတ်လုပ်သည့် နည်းပညာများ ကျင့်သုံးမှုတို့သည် ယခုနှစ်တွင် ဗီယက်နမ်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍ တင်ပို့မှုဆက်လက် ကြီးထွားစေမည့် အကြောင်းအရာများဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်‌‌‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဖြစ်သူ Phung Duc Tien က စိုက်ပျိုးမွေးမြူရေးကဏ္ဍပြန်လည်ဖွဲ့စည်းမှု၊ ထုတ်လုပ်မှုတိုးမြှင့်မှု နှင့် ထိုထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်များသို့ရောင်းချနိုင်မှု၏ အရေးပါမှု ကိုအသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည်လည်း ထုတ်လုပ်မှုနှင့် စီးပွားရေးမော်ဒယ်များ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရန်၊ ထုတ်လုပ်သူများကြားပူးပေါင်း‌ ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကမ္ဘာ့စားသုံးမှု ကွင်းဆက်နှင့်ထုတ်လုပ်မှုချိတ်ဆက်ရန် အဓိကအာရုံ စိုက်ထားကြောင်း သိရပါသည်။ ထို့ပြင် သုတေသန၊ နည်းပညာကူးပြောင်းမှုနှင့် အဆင်မြင့်သိပ္ပံ နည်းကျဆောင်ရွက်မှုအပေါ် အသားပေးရန်လိုအပ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်‌ ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် စံချိန်တင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂.၄ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကာ အဓိကပို့ကုန်အမျိုးအစား ၇ ခုသည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် အသီးသီး ရရှိခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)