
တရုတ်မော်တော်ကားထုတ်လုပ်သူ Geely Auto Group နှင့် ဗီယက်နမ်၏ Tasco JSC တို့၏ အမေရိကန်ဒေါ်လာ ၁၆၈ သန်းတန်ပူးပေါင်းဆောင်ရွက်မှု၏ စတင်သည့်အနေဖြင့် Geely Coolray SUV အမျိုးအစားကားကို ဗီယက်နမ်ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် အရ မော်တော်ကားထုတ်လုပ်တပ်ဆင်သည့်စက်ရုံကို Thai Binh ပြည်နယ်၏ Tien Hai စက်မှုဇုံတွင် တည်ဆောက်ရန်စီစဉ်ထားကြောင်း သိရပါသည်။ စက်ရုံ၏ပထမအဆင့်တွင် ၂၀၂၆ ခုနှစ်အစောပိုင်းမှစ၍ နှစ်စဉ်ကားအစီးရေ ၇၅၀၀၀ ထုတ်လုပ်ရန်ရည်မှန်းထားကြောင်း သိရပါသည်။ Geely Vietnam သည် နိုင်ငံတဝှမ်း ကိုယ်စားလှယ် ၁၀၆ ခုနှင့် ဗီယက်နမ် ကားဈေးကွက်ဝေစု၏ ၁၃.၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် Tasco ၏အားကောင်းသော ဖြန့်ချိရေးကွန်ယက်ကို အသုံးချနိုင်ရန် မျှော်လင့်ထားကြောင်း သိရပါသည်။ ထိုပူးပေါင်း ဆောင်ရွက်မှုသည် Geely ၏ထုတ်ကုန်များ ဗီယက်နမ်သုံးစွဲသူများထံသို့ ပိုမိုနီးကပ်စွာ ရောက်ရှိရန်နှင့် ဈေးကွက်ရောက်ရှိမှုတိုးချဲ့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ဗီယက်နမ် ဈေးကွက်သို့ ယခုဝင်ရောက်လာသည့် Geely Coolray သည် နိုင်ငံ ၅၀ ကျော်တွင် အစီးရေ တစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ၎င်းအမျိုးအစားသည် အယ်ဂျီး ရီးယားနိုင်ငံတွင် အရောင်းရဆုံးကားအမျိုးအစားအဖြစ်ရပ်တည်နေပြီး ကူဝိတ်နှင့် ပနားမား တို့တွင် ထိပ်ဆုံး သုံး ခုတွင်ရပ်တည်နေကာ ယူအေအီးနိုင်ငံတွင် ရောင်းအား ၈၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအောင်မြင်မှုများကြောင့် ဗီယက်နမ်တွင် ၎င်းတို့၏ အားကောင်းသောအလားအလာကို ရရှိနေကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် Geely Auto သည် စံချိန်တင် ကားအစီးရေ ၂.၁၇ သန်းရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်ပသို့တင်ပို့မှုမှာ အစီးရေ ၄၀၃၉၂၃ စီးရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၅၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)