
အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က ဒူဘိုင်းတွင် ကျင်းပခဲ့သည့် World Governments Summit 2025 တွင် အင်ဒိုနီးရှား နိုင်ငံသည် စဉ်ဆက်မပြတ် အားကောင်းသောစီးပွားရေးကြီးထွားမှု ရရှိရန် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် အာမခံကြောင်း ပြောကြားခဲ့ ပါသည်။ ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံသည် GDP အမေရိကန် ဒေါ်လာ ၁.၄ ထရီလီယံနှင့် လူဦးရေ သန်း ၂၈၀ ရှိပြီး ထိုအချက်များသည် နိုင်ငံ တကာစင်မြင့်တွင် မြင့်မားသောပူးပေါင်းဆောင်ရွက်မှုများ ရယူရန် တန်ဖိုးရှိကြောင်း အသား ပေးပြောကြားခဲ့သည်ဟု သိရပါသည်။ The Emergence of Multiple Economic Blocs ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ဝန်ကြီးက အင်ဒိုနီးရှားသည် အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးအသင်း စသည့်အဖွဲ့များအား အလားအလာရှိသည့် စီးပွားရေးအဖွဲ့သစ်များအဖြစ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ Hartarto ၏ အဆိုအရ The Emergence of Multiple Economic Blocs သည် မြင့်တက်လာသော ကမ္ဘာ လုံးဆိုင်ရာတင်းမာမှုများနှင့် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုများ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်ကြောင်း သိရပါသည်။ အာဆီယံနှင့် ပတ်သတ်၍ Hartarto က ထိုဒေသတွင်းအသင်းသည် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအား အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲက ကျရောက်လာမည့်စီးပွားရေးဆိုးကျိုးများထံမှ ကာကွယ်ပေးရာတွင် အရေးပါသောကြားခံဇုန်အဖြစ်ရှိနေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးအသင်း ကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်နှင့်ပတ်သတ်၍ လတ်တလော ဆွေးနွေးမှုများအပေါ် အကောင်းမြင်သုံးသပ်ခဲ့ပါသည်။ အင်ဒိုနီးရှားသည် စွမ်းအင်၊ ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံ အစရှိသည့် အရေးပါသောကဏ္ဍများတွင် ပင်လယ်ကွေ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်း သိရပါသည်။ ပင်လယ်ကွေ့ နိုင်ငံများနှင့် အင်ဒိုနီးရှား၏ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံအား ကမ္ဘာလုံးဆိုင်ရာကုန်သွယ် ရေး၊ အခြေခံအဆောက်အအုံ၊ ဘဏ္ဍာရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးတို့တွင် ၎င်းတို့၏ တည်ရှိမှုကို အားကောင်းစေရန်ကူညီပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း နှင့်ထို အချက်များသည် နိုင်ငံ၏ စီးပွားရေးကြီးထွားမှုရည်မှန်းချက် ၈ ရာခိုင်နှုန်းရရှိရန်အတွက် အလွန်အရေးပါကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)