စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်အဖွဲ့သည် (၃၀.၅.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့ သဖန်းပင်ဆိပ်အုပ်စု၊ သပြေကုန်းကျေးရွာသို့သွားရောက်၍ နွေစပါးများရိတ်သိမ်းနေမှုအား ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
ပေါင်းတည်မြို့နယ်သည် ဆည်ရေများရရှိသဖြင့် ပြည်ခရိုင်တွင် နွေစပါး ပထမအများဆုံး စိုက်ပျိုးသည့်မြို့နယ် ဖြစ်ပါသည်။ စိုက်ဧကအနေဖြင့် (၂၂၀၀၀)ကျော် စိုက်ပျိုးနိုင်ပြီး မေလ တတိယပတ်တွင် စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ နွေစပါးအထွက်နှုန်းအနေဖြင့် ဆည်ရေရရှိသောနေရာများတွင် တစ်ဧကလျှင် တင်း ၁၀၀မှ ၁၁၀ကြား ထွက်ရှိပါသည်။ ဆည်ရေမရရှိသော နေရာများတွင် တင်း ၈၀ ကျော်ခန့်ထွက်ရှိသည်ဟုသိရပါသည်။ ပေါင်းတည်မြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် သဖန်းပင်ဆိပ်အုပ်စု၊ သပြေကုန်းကျေးရွာနေ နွေစပါးစိုက်တောင်သူ ဦးသန်းစိုး၏ နွေစပါးစိုက်ကွင်းရှိ ရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်း၍မေးမြန်းရာ တောင်သူမှ နွေစပါး(၄) ဧကစိုက်ပျိုးထားပြီး ယခုအချိန်တွင် ထွက်ရှိပြီဖြစ်သဖြင့် ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ပါသည်။ ဆည်ရေရရှိသော လယ်ကွက်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်သဖြင့် တစ်ဧကအထွက်နှုန်းမှာ (၁၀၀ မှ ၁၁၀)တင်းခန့် ထွက်ရှိကြောင်း သိရပါသည်။ ရိတ်သိမ်းခြွေလှေ့ပြီးသော နွေစပါးများကို ကုန်သည်များက ကွင်းထဲအထိဆင်း၍ အဝယ်ရှိသလို ဆန်စက်များသို့လည်း သွားရောက် ရောင်းချကြောင်း၊ ရရှိသောစပါးဈေးမှာ ပေါင်(၅၀)တင်း (၁၀၀)လျှင် အစိုဓါတ် ၂၀% (၇၉၀၀၀၀) ကျပ် ဖြင့် ဝယ်ယူလျှက်ရှိပါသည်။
ယခုနှစ်တွင် နွေစပါးဈေးများကောင်းမွန်လာသဖြင့် စပါးစိုက်တောင်သူများအနေဖြင့် အကျိုး အမြတ်ပိုမိုရရှိလျှက်ရှိပါသည်။ သွင်းအားစုများဈေးကောင်းလာသော်လည်း စပါးများ အထွက်နှုန်း ကောင်း၊ စပါးဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် တောင်သူများအနေဖြင့် တွက်ခြေကိုက်လျှက် ရှိပြီး၊ ဈေးနှုန်းများကို ယခုဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချနိုင်ရေးကို မျှော်လင့်လျှက် ရှိပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)