Main menu

ပြည်မြေပဲဆန်နှင့် နှမ်းဈေးများ ပြန်လည်မြင့်တက်လာ

Powered by Drupal

           ပြည်ဈေးကွက်တွင် မြေပဲဆန်များ ယခုဇွန်လဆန်းပိုင်းတွင် ဈေးပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ဝယ်လိုအားကောင်းပြီး ရောင်းလိုအားပါကောင်းသဖြင့် ပြည်ဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန်ကို ကံမ၊ မင်းတုန်းနှင့် ပြည်-အောင်လံကြားရှိ ကျေးရွာများမှ နေ့စဉ်အိတ် ၇၀၀/၈၀၀ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ လုံးဆန်ကို မြဝတီသို့တင်ပို့ရန်အဝယ်ရှိသလို ဆီဆန်ကို မြို့တွင်းရှိဆီစက်များနှင့် နယ်ရှိ ဆီစက်များက အဝယ်ရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဇွန်လဆန်းပိုင်းတွင် မြေပဲဆန် (ဆီဆန်) (အဖြူ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၃၇၅၀ကျပ်နှင့် လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၄၂၇၅-၄၃၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၄၀၀၀-၄၀၅၀ကျပ်ဖြင့် မေလကုန်ပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးမြင့်လာသည်ကို တွေ့ရှိရပါသည်။

          ထို့အတူ ဇွန်လပထမပတ်၌လည်း ပြည်ဈေးကွက်တွင် နှမ်းနက်နှင့် စမုံနက်နှမ်းကို မကွေးနှင့် အောင်လံ ဝယ်လက်များက အဝယ်ပြန်ရှိလာသဖြင့် မေလနောက်ဆုံးပတ်ထက်စာရင် ဈေးပြန်မြင့် လာသည်ကို တွေ့ရပါသည်။ မိုးကြိုနှမ်းများစိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်သို့ နှမ်းဝင်ရောက်မှု မများသော်လည်း ယခင်က ဈေးကွက်တွင်ကျန်ရှိနေသော လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်းအဝယ်ဖြစ်၍ အိတ် ၁၀၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။ ယခုဇွန်လ ပထမပတ်တွင် နှမ်းနီ(၃) တင်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့်ယခင် မေလနောက်ဆုံး ပတ်ဈေး အတိုင်းငြိမ်နေပြီး၊ နှမ်းနက်(၃) တင်းတစ်အိတ်လျှင် ၁၆၅၀၀၀ကျပ်၊ စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် မေလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ဈေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)