တန်ဇန်နီးယားနိုင်ငံအနေဖြင့် အိန္ဒိယ၏ ပဲတီစိမ်းတင်သွင်းမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ထားမှုအား ဖယ်ရှားပေးရန်နှင့် လက်ရှိကာလ၌ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော ပဲစင်းငုံ အကောက်ခွန်လွတ်တင်သွင်းခွင့် သဘောတူညီချက်ကို သက်တမ်းတိုးမြှင့်ပေးရန် မျှော်လင့်လျက် ရှိကြောင်း သိရှိရသည်။
အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ စီစဉ်မှုဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ နယူးဒေလီမြို့တွင် ကျင်းပသော ပဲမျိုးစုံဆိုင်ရာဆွေးနွေးပွဲ၌ အမှာစကားပြောကြားရာတွင် တန်ဇန် နီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Doto Mashaka Biteko က အိန္ဒိယလုပ်ငန်းရှင်များ အနေဖြင့် တန်ဇန်နီးယား၏ လယ်ယာကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ အိန္ဒိယ အစိုးရ အနေဖြင့်လည်း ပဲတီစိမ်းတင်သွင်းမှုအပေါ် မကြာသေးမီက ချမှတ်ခဲ့သည့် ကန့်သတ်ချက် များကို ဖြေလျှော့ရေး စဉ်းစားပေးရန် မေတ္တာရပ်ခံပါကြောင်း၊ တန်ဇန်နီးယားသည် အရည်အသွေး မြင့်မားသော ပဲတီစိမ်းများကို ထုတ်လုပ်ရာတွင် အရေးပါသောနိုင်ငံတစ်ခုဖြစ်ပြီး အဆိုပါ သွင်းကုန် ဆိုင်ရာ ကန့်သတ်များကို ဖယ်ရှားပေးခြင်းသည် တန်ဇန်နီးယားရှိ စိုက်ပျိုးထုတ်လုပ်သူများနှင့် အိန္ဒိယရှိ စားသုံးသူများ နှစ်ဘက်လုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ အချို့သော ထုတ်ကုန် များအပေါ် အကောက်ခွန်ကင်းလွတ်လျက် တင်သွင်းခွင့်ပြုခြင်းအပါအဝင် အိန္ဒိယ၏ ကုန်သွယ်မှု မူဝါဒများ ချမှတ်ဆောင်ရွက်မှုအပေါ် အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ ၎င်းတို့အနေဖြင့် တည်ငြိမ်မှုရှိပြီး ခန့်မှန်းရလွယ်ကူသော ကုန်ထုတ်လုပ်မှုကွင်းဆက် ဖြစ်ပေါ်စေရေးအတွက် ထိုကဲ့ သို့ ပူးပေါင်းဆောင်ရွက်မှုများအား ခိုင်မာအားကောင်းအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။
တန်ဇန်နီးယားမှ အိန္ဒိယသို့ ပဲစင်းငုံတန်ချိန် ၁.၈၆ သိန်းအား တင်ပို့နိုင်မှုအပါအဝင် နှစ်နိုင်ငံ အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃-၂၄ ခုနှစ်၌ တန်ဖိုး အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ တန်ဇန်နီးယားထံမှ ပဲစင်းငုံတန်ချိန် ၂ သိန်းအား အကောက်ခွန် ကင်းလွတ် သက်သာခွင့်ပြုလျက် ဝယ်ယူတင်သွင်းရန် အိန္ဒိယနိုင်ငံက သဘောတူစာချုပ် ချုပ်ဆိုထားရှိမှုမှာ ယခုနှစ် မတ်လ၌ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
တန်ဇန်နီးယား စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Kamwesige M Mtembei ၏ ပြောဆိုချက်အရ အဆိုပါစာချုပ်အား ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးမြှင့်မှုနှင့်အတူ ပဲစင်းငုံ တန်ချိန် ၃ သိန်း၊ ကုလားပဲတန်ချိန် ၁.၅ သိန်းနှင့် ပဲတီစိမ်းတန်ချိန် ၁.၅ သိန်းတို့ကို တင်ပို့ ခွင့်ပြုရန် အိန္ဒိယအစိုးရဘက်သို့ တောင်းဆိုထားကြောင်း၊ တန်ဇန်နီးယားနိုင်ငံသည် နှစ်စဉ် ပဲမျိုးစုံ တန်ချိန် ၉ သိန်းခန့်ကို ထုတ်လုပ်လျက်ရှိသော်လည်း ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၁.၅ သိန်း ခန့်သာရှိကြောင်း၊ ၎င်း၏ ပဲမျိုးစုံ အဓိကတင်ပို့ရာ ဒေသများမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဒူဘိုင်းနှင့် တရုတ်နိုင်ငံ ဈေးကွက်များဖြစ်ကြောင်း သိရသည်။
Source: Deccan Herald, 13 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)