
မန်ကျည်းပင်သည် သစ်မာပင်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသတော်တော်များများ အိမ်၊ ခြံဝန်း၊ ခြံစည်းရိုးများတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး မိသားစုတစ်ဘက်တလမ်းမှ အပိုဝင်ငွေရရှိသော နှစ်ရှည်ပင်တစ်မျိုးဖြစ်ပါသည်။ မန်ကျည်းသီး အစိမ်း၊ မန်ကျည်းသီးအမှည့်များကို အခြားဟင်းလျာများ တွင်သာမက တိုင်းရင်းဆေးဖော်စပ်ရာတွင်အသုံးပြုခြင်း၊ အလှကုန်နှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်ရာတွင်လည်း အသုံးပြုသဖြင့် မန်ကျည်းပင်သည် အရွက်မှအစေ့အထိ အသုံးဝင်သော အပင်ဖြစ်ပါသည်။
မန်ကျည်းသီးသည် ဇူလိုင်လတွင် စတင်သီးပြီး ဇန်နဝါရီလ ဒုတိယပတ်မှစ၍ မန်ကျည်းသီး အမှည့်များစတင် ခူးဆွတ်ကြကြောင်း၊သာစည်မြို့နယ်ရှိ ညောင်တို၊ ဇီးတော၊ ကြက်မောက်၊ ကွမ်းခြံရိုး အစရှိသည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်ရှိ အိမ်ခြံဝန်းများတွင် မန်ကျည်းသီး ရာသီပေါ်ချိန်ဖြစ်၍ ပွဲစားများမှ အိမ်အရောက် မန်ကျည်းပင်ပြတ် ဝယ်ယူကြကြောင်း၊ ပင်ပြတ်ဝယ်ယူရာတွင် မန်ကျည်း အပင်လတ်တစ်ပင်လျှင် ၂၀၀၀၀/-ကျပ် ဝယ်ယူကြောင်း၊ မန်ကျည်းပင်ပိုင်ရှင်နှင့် အသီးတစ်ဝက်စီယူ ၍ ပုတ်ကြသည်လည်းရှိကြောင်း၊ မန်ကျည်း အသီးတင်ရှိမှုနှင့် အပင်အကြီး/ အသေး အပေါ်မူတည်၍ ဈေးဖြတ်ဝယ်ယူကြကြောင်း၊ အခွံခွာအကြောခွာပြီး တစ်ပိဿာလျှင် ၂၅၀၀/-ကျပ်၊ အစေ့ထုတ်ပြီး မန်ကျည်းသီးအမှည့် အသစ် တစ်ပိဿာလျှင် ၁၀၀၀၀/ကျပ်နှင့် ၁၂၀၀၀/- ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)