ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဉဈေးနှုန်းများ ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ် အတွင်း အသားတိုးကြက်နှင့် ဉစားကြက်မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။ ထိုသို့ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုး ကြက်မွေးမြူရေး လုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သဖြင့် ဉစားကြက်မွေးမြူရေးလုပ်ငန်းထက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လာကြောင်းသိရှိရပါသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တနိုင်တပိုင် အကောင်ရေ ၅၀၀/၁၀၀၀ မွေးမြူသူများရှိသလို အကောင်ရေ ၃၀၀၀/ ၅၀၀၀/၁၀၀၀၀ထိ စီးပွားဖြစ် မွေးမြူသူ များလည်း ရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှ ရောင်းချရသည့်အထိ ၄၅ ရက်သာ ကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်း များများ ရရှိကြောင်း၊ ၄၅ ရက်သား ကြက်တကောင်လျှင် ပိဿာချိန် ၁ ပိဿာ ၅၀ ကျပ်သားဝန်းကျင်ရရှိပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခ အပါအဝင် ၄၅၀၀ ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ တစ်ပိဿာလျှင် ၆၀၀၀ကျပ် ခန့်ရရှိနေပြီး မွေးမြူရေး လုပ်ငန်းများအနေဖြင့် အချိန်တိုအတွင်း အကျိုးအမြတ် ရရှိမှုကောင်းမွန်သည့် လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)