
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်ရှိ ပွဲရုံများသို့ နီးစပ်ရာဒေသများမှ အာလူးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ အာလူးများအနေဖြင့် အလုံးကြီး၊ အလုံးလတ်နှင့် အလုံးသေးဟူ၍ သုံးမျိုးရှိပြီး အလုံးကြီးများကို အာလူးကြော်လုပ်ငန်းများတွင် အသုံးပြုပြီး အလုံးလတ်များကို စားသုံးရာတွင်အသုံးပြုကြောင်း၊ အလုံးသေးများကိုမူ အကြော်စုံ သမားများမှ အာလူးကြော်အတွက်အသုံးပြုခြင်း၊ အာလူးထမင်းအတွက် အသုံးပြုခြင်းများ ရှိကြောင်း သိရှိရသည်။
ရပ်စောက်၊ ရွာငံ၊ ပင်းတယ၊ ပင်လောင်း နှင့် အနီးပတ်ဝန်းကျင်ဒေသများမှ အာလူးများကို အောင်ပန်းမြို့ရှိ ပွဲရုံများသို့လာရောက်ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့တင်ပို့ ရောင်းချကြကြောင်းသိရှိရသည်။ ဈေးနှုန်းများအနေဖြင့် အာလူးအလုံးကြီး တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ အာလူးအလုံးလတ် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ အာလူးအလုံးသေး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် နှုန်းဖြင့် အမျိုးအစား၊ အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ရှမ်း)