Main menu

ခတ္တူကျေးရွာရှိ အိုးဖုတ်လုပ်ငန်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ခတ္တူကျေးရွာတွင် အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ အိုးဖုတ်လုပ်ငန်းရှင်သည် ထိုလုပ်ငန်းကို ၁၉၅၀ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး အိမ်တွင်းတစ်နိုင်တစ်ပိုင်သာပြုလုပ်ကြောင်းသိရှိရပါသည်။ အိုးလုပ်ရာတွင် ရွှံ့စေးမြေကို သာ အဓိကထား အသုံးပြုရပြီး ထိုရွှံ့စေးမြေကို လေးမျက်နှာမြို့နယ် ခြင်းကုန်းကျေးရွာမှ မှာယူရပါသည်။ ရွှံ့စေးမြေတစ်စီးလျှင် ၄၅၀၀၀ ကျပ်ပေးရပြီး ကောက်ရိုး၊ ဖွဲကြမ်းခွံ၊ သဲနှင့် လုပ်သားခ အပါအဝင် ၃ သိန်းဝန်းကျင်ကုန်ကြပါသည်။   အိုးတစ်ဖိုလျှင် အလုံးရေ ၁၅၀၀ ထွက်ရှိပြီး ငါးပိအိုး ခေါ် မြေအိုး အသေးနှင့် ကလေးကစားစရာ အိုးဖုတ်များကိုသာ အဓိကထားထုတ်လုပ်လျက်ရှိပါသည်။ မြေအိုးအသေး တစ်လုံးလျှင် ၆၀၀ ကျပ်၊ ကလေးကစားစရာ အိုးဖုတ်တစ်စုံလျှင် ၁၂၀၀ ကျပ်ဖြင့် လက်လီ / လက္ကားအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အိုးပြုလုပ်ရာတွင် ရွှံ့စေးမြေကိုအိုးပုံဖော်သည့် တုံးပေါ်တွင် နေရာချကာ အိုးများပြုလုပ်၍  နေပူပူတွင် အခြောက်ခံရပါသည်။ အခြောက်ခံပြီးသော အိုးများကို စနစ် တကျစီကာ မီးဖြင့် အိုးကြပ်အောင် ထပ်မံပြုလုပ်ရပါသည်။ ထွက်ရှိလာသောမြေအိုးများကို ဟင်္သာတ၊ ငါးသိုင်းချောင်းနှင့်ပုသိမ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ မိသားစုလုပ်ငန်းဖြစ်သည့်အလျောက်  ပုံမှန်ဝင်ငွေရရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)