ကသာခရိုင်အတွင်းတွင် စိန်တလုံးသရက်သီးစိုက်ဧကအနေဖြင့် (၁၀၄၇)ဧကကျော် စိုက်ပျိုးပြီး ကသာမြို့နှင့် ထီးချိုင့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် ပေ (၂၀) ပတ်လည် စိုက်ပျိုးပါက အပင်(၁၀၀)ဝန်းကျင်ခန့် စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်(၃)နှစ် သားမှ(၄)နှစ်သား တစ်ပင်လျှင် သရက်သီးအလုံးရေ (၂၀၀)ဝန်းကျင်ခန့် သီးပြီး (၅/၆)နှစ်သားတွင် သရက်သီးအလုံးရေ (၃၀၀/၄၀၀) ခန့် သီးကြောင်း သိရှိရပါသည်။
ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကသာခရိုင်အတွင်းတွင်ရှိသော စိန်တလုံးသရက်သီးအား ကသာခရိုင်တွင်းရှိ ခြံပိုင်ရှင်များမှ စုစည်း၍ ကားငှားကာ မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် မူဆယ်ပွဲရုံသို့ အလုံး(၄၀)ခန့်ပါ သရက်သီးအလုံးအကြီး တစ်ခြင်းတွင် ယွမ်(၁၂၀ မှ ၁၅၀)ခန့်ကြား ရရှိပြီး အလုံး(၄၅)လုံးပါ အလုံးသေးတစ်ခြင်းလျှင် ယွမ် (၁၂၀ မှ ၁၃၀) ကြား ရရှိကြောင်း သိရှိရပါသည်။
ယခင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တရုတ်သို့ ကားအဝင်များပိတ်ထားသဖြင့် ကသာခရိုင်တွင်း သရက်သီးစိုက်ပျိုးသူများအနေဖြင့် အရှုံးပေါ်ခဲ့ကြောင်း သိရှိရပြီး ယခုနှစ်တွင် ကားလမ်းကြောင်းများ ပုံမှန်ပြန်လည်ဖွင့်လာသဖြင့် ကသာခရိုင်အတွင်း သရက်စိုက်ပျိုးသူများ အနေဖြင့် ဈေးကောင်းရရှိလျက်ရှိကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)