
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တွင် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရသည်။ အောင်ပန်းမြို့ ခရမ်းချဉ်သီးဈေးကွက်မှာ (၂၀၂၄) ခုနှစ် နှစ်ကုန်ပိုင်းတွင် ဈေးကောင်းသော်လည်း ယခုနှစ် (၂၀၂၅) ခုနှစ် အစပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။
ညောင်ရွှေနှင့် အင်းလေးဒေသတဝိုက်တွင် ခရမ်းချဉ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသော ခရမ်းချဉ်သီးများကို အောင်ပန်းမြို့ရှိ ကုန်ပွဲရုံသို့လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ အချို့ကိုမူ နီးစပ်ရာဒေသများဖြစ်သော မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ပြည်ညောင်၊ ကူမဲမြို့ စသည်တို့ကိုလည်း တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။ ခရမ်းချဉ်သီးဈေးနှုန်းမှာ ပျှမ်းမျှ ပွဲရုံဈေး(လက်ကားဈေး) (၁၈၀၀) ကျပ်မှ (၂၅၀၀) ကျပ်ရှိပြီး လက်လီဈေး (၂၅၀၀) ကျပ်မှ (၃၀၀၀-၃၅၀၀) ကျပ်အထိ အမျိုးအစား၊ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားကြောင်းလည်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် တိုက်ပွဲအခြေအနေများကြောင့် အချို့နယ်စပ်ဂိတ်များမှာ ပိတ်ပင်ထားလျက်ရှိရာ ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်းလည်း သိရှိရသည်။ ယခုချိန်မှာ ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါထွက်သောရာသီဖြစ်၍ အရောင်းသွက်လျက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းနေခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ရှမ်း)