
မြင်းခြံမြို့နယ်သည် အညာဒေသတစ်ခုဖြစ်သည့်အလျောက် အပူပိုင်းဒေသများတွင် ပေါက်ရောက်မှုများသည့် ဆီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြသလို အလေ့ကျပေါက်သည့် ဆီးပင်များ လည်း ပေါများသောဒေသတစ်ခုဖြစ်ရာ ဖေဖော်ဝါရီလအတွင်းမှစ၍ ဆီးချို၊ ဆီးချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီးပင်များကို ဝိုင်းခြံစည်းရိုးများတွင်ဖြစ်စေ စိုက်ပျိုးကြသလို တောင်ယာစိုက်ခင်းများ၏ စည်ရိုးများနှင့် သီးနှံစိုက်ပျိုးလို့မရသည့် မြေလွတ်မြေရိုင်းများတွင်လည်း စိုက်ပျိုးပေါက်ရောက် ကြပါသည်။ ဆီးသီးပေါ်ချိန်တွင် တောသူတောင်သားများသည် နွားကျောင်းရင်း၊ ဆိတ်ကျောင်းရင်းဖြစ်စေ၊ ယာခင်း၊ လယ်ခင်းများရှင်းလင်းရင်းဖြစ်စေ ဆီးသီးများကို ကောက်ယူစုဆောင်း၍ ရွာပွဲစားများထံ တွင်လည်းကောင်း၊ မြို့ပေါ်ရှိပွဲရုံများသို့လည်းကောင်း ဈေးဝယ်သွားရင်းဖြင့် ရောင်းချကြကြောင်း သိရသည်။ တောင်သူများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသည့်အတွက် မီးဖိုချောင် စရိတ်တော့ရတာပေါ့ဟု နယ်ခြားကျေးရွာမှ ရောင်းချသူတစ်ဦးထံမှ သိရသည်။ ဈေးနှုန်းအနေဖြင့် ဆီးချိုတစ်တင်းလျှင်ငွေကျပ်(၆၀၀၀-၇၀၀၀)ကျပ်ရှိကြောင်း၊ ဆီးချဉ်တစ်တင်းလျှင်ငွေကျပ်(၁၀၀၀၀ - ၁၂၀၀၀၀) ကျပ်၊ ဆိတ်စားဆီးသီးအသေး တစ်တင်းလျှင်ငွေကျပ်(၂၈၀၀၀- ၃၀၀၀၀)ကျော်ထိရှိပြီး ဆီးအမျိုး အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။ ဆီးအချဉ်သီးကို မြို့ပေါ်ရှိ ဆီးခွဲစက် လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး ဆီးချဉ်သီးတစ်တင်းလျှင် ဆီးဝတ်ဆံ(၂၀)ကျပ်သား ရရှိပြီး ဆီးဝတ်ဆံတစ်ပိဿာလျှင်ငွေကျပ်(၅၀၀၀၀- ၅၅၀၀၀) ရရှိကြောင်း သိရသည်။ ဆီးချိုကို မြို့ပေါ်ရှိ ယိုလုပ်ငန်းသမားများနှင့်လှောင်လက်သမားများ ဝယ်ယူကြကြောင်းသိရပြီး ဝယ်ယူရရှိမှုအနေဖြင့် တောအဝင်ပေါ်မူတည်၍ တစ်ရက်လျှင်တင်း (၁၀၀၀-၂၀၀၀) ခန့် အရောင်းအဝယ် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)