
မန္တလေးမြို့တွင်းရှိ ပွဲရုံများသို့ ပဲတီစိမ်းထွက်ရှိရာဒေသများဖြစ်ကြသော ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများမှ မိုးကြိုပဲတီစိမ်းများ အများအပြားဝင်ရောက်လျက်ရှိသည်။ မန္တလေးပွဲရုံများသို့ လာရောက်ရောင်းချကြသော လယ်ယာထွက်ကုန်ပစ္စည်းများအနက် ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ ထိပ်ဆုံးပို့ကုန်(၁၀)မျိုးထဲမှ ပဲအမျိုးအစားတစ်မျိုးဖြစ်သည်။ ပဲမျိုးစုံပြည်ပတင်ပို့မှုတွင် မတ်ပဲပြီးလျင် ဒုတိယအများဆုံးသီးနှံဖြစ်သည်။
ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံများကို မန္တလေးမြို့ မဟာကထိန်တော်အသင်း ကုန်စည်ဒိုင်ပေါက်ဈေးဖြင့် ပွဲရုံများမှာ အရောင်းအဝယ်ပြုလုပ်ကြသည်။ ပဲတီစိမ်း(၃) တင်းဝင် အိတ်တစ်အိတ်လျှင်(၅၆.၂၅)ပိဿာစံနှုန်းသတ်မှတ်ချက်ဖြင့် ပဲတီစိမ်းရွှေဝါကို ဖေဖော်ဝါရီလ ပထမပတ်တွင်(၂၇၀၀၀၀)ကျပ်၊ ရိုးရိုးပဲတီစိမ်းမှာ(၂၄၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ဖေဖော်ဝါရီလစတုတ္ထပတ်တွင် ပဲတီစိမ်းရွှေဝါမှာ(၂၄၀၀၀၀)ကျပ်၊ ရိုးရိုးပဲတီစိမ်းမှာ(၂၁၀၀၀၀) ကျပ်၊ အညံ့အဖျင်းများသောပဲတီစိမ်းများကို (၁၉၀၀၀၀)တို့ဖြင့် အဝင်များပြားမှုဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း ပဲတီစိမ်းကို ပြည်တွင်းစားသုံးရုံသာမက ပြည်ပဈေးကွက်တွင် ဝယ်လိုအားကြီးမားသော သီးနှံဖြစ်သည်။ အိန္ဒိယနိုင်ငံသို့တင်ပို့ခြင်းမှာ နိုင်ငံခြားငွေအများဆုံး ရှာဖွေပေးသောသီးနှံဖြစ်ပြီး ပဲကြာဇံနှင့် ပဲပြားပြုလုပ်ရာတို့တွင်အဓိကထားအသုံးပြုကြောင်း သိရှိရသည်။ ပြည်ပသို့ တင်ပို့ရန်အတွက် ပိုးမွှားရန်ကာကွယ်ရန် သိုလှောင်ရုံကြိုတင်ပြင်ဆင်ခြင်း၊ သီးနှံကို စစ်ဆေးခြင်း၊ ပိုးကြပါကပိုးသတ် မှိုင်းတိုက် တစ်ပတ်တစ်ကြိမ်စစ်ဆေးခြင်း၊ အပူချိန်တက်လျင် နေရာပြောင်းခြင်း၊ အိတ်အသန့်များထည့်သွင်းခြင်း၊ ဆေးများကို တစ်လတစ်ကြိမ်ပြုလုပ်ရန် ဖြစ်ပြီး ပြည်ပသို့ပို့မည်ဆိုပါက (ပထမအဝင်/ပထမထုတ်)ဖြင့် ရောင်းဝယ်ကြပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)