
မြန်မာလူမျိုးများနှစ်သက်စွာ ချက်ပြုတ်စားသုံးကြသည့် ဟင်းသီးဟင်းရွက်များတွင် ဘူးသီးသည် လည်းအပါအဝင်ဖြစ်ပါသည်။ ဘူးသီးတွင် ဒေသမျိုးနှင့် ထိုင်ဝမ်မျိုးဟူ၍နှစ်မျိုးရှိပါသည်။
ဘူးသီးကို မုန့်နှစ်ဖြင့်ကြော်၍ဖြစ်စေ၊ ဟင်းချိုချက်၍ဖြစ်စေ၊ အသားတစ်မျိုးမျိုးဖြင့် ရော၍ဖြစ်စေနည်း လမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသုံးနိုင်ပါသည်။ ဘူးသီးကိုအလွယ် တကူစားသုံးနိုင် ရန်အတွက် မိမိတို့အိမ်နောက်ဖေးမြေကွက်လပ်တွင် တပိုင်တနိုင်စိုက်ပျိုးကြသော်လည်း စီးပွားဖြစ် စိုက်ပျိုး၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်း ချကြသူများလည်းရှိပါသည်။ ဘူးသီးသည်စိုက်ပျိုးရန် လွယ်ကူသောကြောင့် နေရာဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း ပူနွေးစိုစွက်သောရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း၍ ယခုအခါဘူးသီးများဖြိုင်ဖြိုင်ပေါ်သော အချိန်ဖြစ်ပါသည်။ ဘူးသီးဈေးနှုန်း သည် များစွာမြင့်တက်ခြင်းမရှိဘဲ အလုံးအကြီးအသေးပေါ်မူတည်၍ ဘူးသီးတစ်လုံးလျှင် (500)ကျပ်မှ (1500)ကျပ်အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း ရွှေဆံတော်ဘုရားဈေးရှိ ဘူးသီး ရောင်းချသူထံမှသိရှိရပါသည်။