ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းတို့နှင့်အတူ ဇွန်(၁)ရက်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ လက်လီ /လက္ကား ဆိုင်များ၊ စတိုးဆိုင်များ၊ စားဆီဖြန့်ဖြူးရောင်းချနေသော ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း ညွှန်ကြားချက်( ၁/၂၀၂၁ ) အားလိုက်နာ ဆောင်ရွက်မှုရှိစေရေး လုပ်ငန်းရှင်များအား ကွင်းဆင်းထပ်မံအသိပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းရှင်များအား ဧပြီလ(၇)ရက်နေ့က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ဖြစ်သော်လည်း ညွှန်ကြားချက်(၁/၂၀၂၁)အရ (၆)လပြည့်ရန် သုံးပတ်သာလိုတော့သဖြင့် ထပ်မံကွင်းဆင်း အသိပေးရခြင်းဖြစ်သည်။ ထို့ပြင် ဖျာပုံမြို့နယ်အတွင်း Goody စားဆီဖြန့်ဖြူးနေသည့် ကိုယ်စားလှယ်နှင့် Meizan ၊ Cook စားဆီကိုယ်စားလှယ်တို့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံး၌ ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ယခုလ(၂၁)ရက်နေ့ စတင်၍ အာဏာသက်ရောက်မည်ဖြစ်၍ ဆီဘူးများတွင် ညွှန်ကြားချက်အတိုင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ ကိုယ်စားလှယ်များကလည်း ယခုလ(၆)လပိုင်းထွက်ရှိမည့် ဆီဘူးများတွင် ပြည့်ပြည့်စုံစုံပါရှိမည်ဖြစ်ပြီး ယခုဈေးကွက်အတွင်း တွေ့ရှိသည်မှာ လက်ကျန်အဟောင်းများသာဖြစ်၍ ညွှန်ကြားချက်အတိုင်း လက်ကျန်အဟောင်းများပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။
ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ညွှန်ကြားချက် (၁/၂၀၂၁)အရ(၆)လအချိန်ပေးခဲ့ပြီးဖြစ်၍ ယခုလဇွန်(၂၁)ရက်နေ့မှစတင်၍ အာဏာသက်ရောက်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
DOCA(ဧရာဝတီ)