ဖျာပုံခရိုင်ရှိ မြို့နယ်အလိုက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် အသင်းပြန်လည် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဖျာပုံမြို့နယ်တွင် ဆန်စက်အသင်းရုံး၌ (၂၀-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ဆန်စက်အသင်းရုံး၌ (၄-၆-၂၀၂၂)နေ့တွင်လည်းကောင်း၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၉-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ဆန်စက်အသင်းရုံး၌ (၂၄-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ အသီးသီးရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံများ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ သင်းဖွဲ့ စည်းမျဉ်းအခန်း(၇)အရ ရွေးချယ်တင်မြှောက်ပုံနည်းစနစ်များနှင့်အညီ အသင်းဝင်များအကျိုးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်များကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် ပြန်လည်ရွေးချယ်တင်မြှောက်သည့် အမှုဆောင်များမှ ဗဟိုနှင့် တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်ရွေးချယ်ရာ ဖျာပုံမြို့နယ်တွင် ဦးအုန်းဟန်နှင့် ဦးကျော်ဝင်းသန်း၊ ဘိုကလေးမြို့နယ်တွင် ဦးထွန်းထွန်းဦးနှင့် ဦးအောင်သက်ဦး၊ ကျိုက်လတ်မြို့နယ်တွင် ဦးဇေယျာမျိုးနှင့် ဦးမြဝင်း၊ ဒေးဒရဲမြို့နယ်တွင် ဒေါ်နီနီမိုးနှင့် ဦးထွန်းမြင့်အောင်တို့အား အသီးသီးရွေးချယ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)