
မြင်းခြံမြို့နယ်အတွင်းသို့ သီးနှံမျိုးစုံရောင်းဝယ်နေကြသည့်အထဲတွင် နှံစားပြောင်းဈေးကွက် သည်လည်း ဈေးကွက်လိုအပ်ချက်ရှိသော သီးနှံတစ်ခုပင်ဖြစ်ကြောင်းသိရှိရသည်။ နှံစားပြောင်းပင်သည် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းကြောင်း ပြောင်းပင်ရိုးကိုလည်း အခြောက်ခံ၍ နွားစာအဖြစ်အသုံး ပြု၍ပင်ရပါကြောင်း ပိုလျှံ၍နွားစာအဖြစ် ပြန်လည်ရောင်းချမည်ဆိုကလည်း နွားစာတစ်တင်းကို ၂၀၀၀ - ၂၅၀၀ ကျပ်ရရှိသည့်အတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးပင်ဖြစ်တယ်လို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတစ်ဦးထံမှသိရသည်။ မြင်းခြံမြို့နယ်တွင် နှံစားပြောင်းစိုက်ပျိုးမှုအနေဖြင့် (၁၄၀၆၁)ဧက ရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၁၂)တင်းခန့်ထွက်ရှိကြောင်းသိရသည်။ နှံစားပြောင်းဟု ဆိုရာတွင် နှံစားပြောင်းအနီနှင့်အဖြူဟူ၍ နှစ်မျိုးရှိကြောင်း နှံစားပြောင်းအနီကို ဈေးကွက်အခေါ်အရ ရွှေနီပြောင်း ဟူ၍လည်းကောင်း နှံစားပြောင်းအဖြူကို ဆန်ပြောင်းဟူ၍လည်းကောင်း ခေါ်ဆိုရောင်းဝယ်လျက်ရှိ ကြောင်းဈေးကွက်မှသိရသည်။ လက်ရှိအရောင်းအဝယ်ဈေးကွက်အနေဖြင့် ရွှေနီပြောင်းတစ်ပိဿာ (၁၄၀၀-၁၅၀၀)ကျပ် ၊ ဆန်ပြောင်းတစ်ပိဿာ(၁၄၅၀-၁၅၀၀) ကျပ်ဈေးဖြင့် ဈေးငြိမ်နေကြောင်း၊ ပေါ်စဈေးမှာ ၁၂၀၀/-ကျပ်ရှိကြောင်းသိရသည်။ မြို့ပေါ်လက်လီပြန်အရောင်းဆိုင်များနှင့်ရန်ကုန်၊ ဈေးကွက်ကိုတင်ပို့မှုရှိကြောင်း သုံးစွဲမှုအနေဖြင့် တိရစ္ဆာန်အစာနှင့်မုန့်လုပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၁၅၀-၂၀၀ ခန့်သာ ရှိကြောင်း သိရသည်။
DOCA(မန္တလေး)