ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အစေ့ထုတ်ပြောင်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူထံက သိရသည်။ အစေ့ထုတ်ပြောင်းသည် ရောင်းချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင်း မိုးအစေ့ထုတ်ပြောင်းများကို ရှမ်းတောင်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
မိုးသီးနှံပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းစေ့ ၄ ပြည်စိုက်ရပြီး မျိုးစရိတ်၊ မြေပြင်ခြင်း၊ အလုပ်သမား၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများ အပါအဝင် စုစုပေါင်းကုန်ကျငွေ ကျပ် ၃၂၀၀၀၀ ခန့် ကုန်ကျကြောင်း သိရသည်။
တောင်သူများ စိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းများမှာ CP-808၊ CP-092၊ CP-888၊ CP-222၊ CP-621၊ CP-625၊ CP-333၊ SD-5059 မျိုးများဖြစ်ပြီး ဖူးတံရှည်ကာ အဖူးလုံသည့်အတွက် မိုးရာသီတွင် စိုက်ပျိုးပါက မိုးဒဏ်ခံနိုင်ပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သဖြင့် တောင်သူများ အများဆုံးရွေးချယ် စိုက်ပျိုးကြကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား အကွာ ၁ ပေ မှ ၂ ပေ အကွာကြား စိုက်ပျိုးကြပြီး ကွန်ပေါင်းဓာတ်မြေဩဇာကို တစ်သီးလျှင် ၂ ကြိမ်ကျွေးသည့်အတွက် ပြောင်းအထွက်နှုန်းမှာ ပို၍ကောင်းမွန်ကြောင်း သိရသည်။
ပြောင်းစိုက်ပျိုးရာတွင် ဒေသအလိုက် သင့်လျော်သော အထွက်ကောင်းမျိုးများရွေးချယ် စိုက်ပျိုးကြရာ မိုးရာသီတွင် မေလမှ ဇွန်လ လကုန်ထိ စိုက်ပျိုးကြသည်။ အဆိုပါ အစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်စန်မြို့နယ်တွင် အများဆုံး စိုက်ပျိုးပြီး မိုးအစေ့ထုတ်ပြောင်းများ ထွက်ရှိပါက ခူးဆွတ်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် ဒေသခံတောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
DOCA(ရှမ်း)