Main menu

တောင်ငူခရိုင် ဖြူးမြို့မှ ဒေသထွက်လက်ဆောင်မွန် ခြင်္သေ့မင်းမြေပဲယို

Powered by Drupal

              တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ ခြင်္သေ့မင်းအမှတ်တံဆိပ် မြေပဲယိုသည် လူကြိုက်များသော ဒေသထွက်လက်ဆောင်တစ်ခုဖြစ်ပါသည်။ ၎င်းမြေပဲယိုလုပ်ငန်းသည် လွန်ခဲ့ သော ၄၅ နှစ်ခန့် ၁၉၇၈ ခုနှစ်က စတင်ခဲ့ပြီး ထိုစဉ်က ဖြူးဈေးအတွင်း အလေးချိန်ဖြင့် ရောင်းချရာမှ လက်ရှိကာလအထိ ထုပ်ပိုးမှုအဆင့်ဆင့်နှင့် ရောင်းချရင်း လူသိများ ဈေးကွက်ရှိနေသော မြေပဲယို၊ နှမ်းယို ဖြစ်ပါသည်။

              လုပ်ငန်းစတင်စဉ်က ထန်းလျက်မြေပဲယိုနှင့် စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်ခန့်မှစ၍ သကြား မြေပဲယိုကို ကိုယ်ပိုင်ဖော်မြူလာထွင်ခဲ့ပါသည်။ ထိုစဉ်က ပစ္စည်းလည်းဈေးပေါ၍ အပျက်အစီး ခံနိုင်ခဲ့သဖြင့် လူအများကြိုက်နှစ်သက်သည့် သကြားမြေပဲယိုဖော်မြူလာကို ရရှိခဲ့ပြီး ထန်းလျက် မြေပဲယိုအစား သကြားမြေပဲယိုကို ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

              ယခုအခါ သကြားမြေပဲယို၊ သကြားနှမ်းယိုနှင့် ကြံသကာမြေပဲယိုများ ထုတ်လုပ်ရောင်းချ လျက်ရှိနေပါသည်။ ကြံသကာမြေပဲယိုကို အချပ်ကြီးနှင့် အချပ်သေးဟူ၍ နှစ်မျိုးထုတ်လုပ်ပါသည်။ ဈေးနှုန်းများအနေဖြင့် သကြားမြေပဲယို(၅)ချပ်တွဲ တစ်ထုပ်လျှင် ၅၀၀၀ ကျပ်၊ သကြားနှမ်းယို တစ်ထုပ်လျှင် ၄၅၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

              ဒေသတွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ပဲခူး၊ ရန်ကုန်၊ ပန်းတနော်၊ ပုသိမ်၊ မိတ္ထီလာ၊ မန္တလေး၊ မူဆယ်၊ ဘားအံ၊ မြဝတီမြို့များသို့ တင်ပို့ရောင်းချရပြီး မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့အထိ တင်ပို့ရောင်းချရကြောင်း သိရပါသည်။ 

              မိသားစုတပိုင်တနိုင်သာလုပ်ကိုင်သော်လည်း မှာသလောက် တင်ပို့ပေးနိုင်အောင်ထုတ် လုပ်ကြောင်း၊ လုပ်ငန်းတိုးချဲ့ချင်သော်လည်း လုပ်သားအခက်အခဲကြောင့် တိုးချဲ့နိုင်ခြင်းမရှိကြောင်း လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ကြည်၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)