
သာကူသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သည့် ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အဖြူ နှင့် အနီဟူ၍ နှစ်မျိုးရှိပါသည်။ သာကူအဖြူပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် သကြား တစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပြီး သာကူအနီပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် ထန်းလျက် တစ်ပိဿာရောစပ်၍ ပြုလုပ်ရပါသည်။
သာကူစေ့ကို သကြား(သို့မဟုတ်) ထန်းလျက်ဖြင့် ကျိုပြီးပါက အုန်းသီးနှင့် နို့စိမ်းများ ရောစပ်၍ စားကြပါသည်။ အချို့က ကန်စွန်းဥ၊ အာလူးစသည်တို့ကို သာကူကျိုထဲထည့်၍လည်း စား ကြပါသည်။ တောင်ငူမြို့တွင် သာကူကျိုကို ဈေးတွင် အထိုင်ရောင်းသူများရှိသကဲ့သို့ လူစည်ကားရာ နေရာများ၊ ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများလည်း ရှိပါသည်။
သာကူကျို ဇွန်းကြီး နှစ်ဇွန်းပါ တစ်ပွဲလျှင် ၁၀၀၀ ကျပ်နှင့်ရောင်းချကြောင်း၊ နွေရာသီ ကာလတွင် ရွှေရင်အေးနှင့် မုန့်လက်ဆောင်းများ ရောင်းချပြီး မိုးရာသီတွင် သာဂူကျိုရောင်းချ ကြောင်းနှင့် လူကြိုက်များ၍ ရောင်းရကြောင်း သာကူကျိုရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)