
ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုးရာတွင် အချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ ဘေးပတ်လည်၊ နောက်ဘေး စသည့် နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင် (၂၀-၅၀)ခန့် စိုက်ပျိုးထားကြပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ် စိုက်ပျိုးသည့် ဉယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင် တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား၏ စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျော အမျိုးအစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျောသီးများ ဖြစ်ကြပါသည်။ ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၂၅၀၀-၃၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိပါသည်။ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများမှ ထွက်ရှိသော ငှက်ပျောသီးများကို ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင် ရောင်းချပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့် နေပြည်တော်စသည့် မြို့ကြီးများသို့ လည်း တင်ပို့ရောင်းချကြပါသည်။
DOCA(ပဲခူး)