ထိုင်းနိုင်ငံ၌ စပါးတစ်တန်လျှင် အနည်းဆုံး ထိုင်းဘတ် ၁၀၀၀၀ မှ ၁၂၀၀၀ အထိဈေးနှုန်း အာမခံချက်ပေးရန် ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၁ ရက်၊ သောကြာနေ့ တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လျက် အစိုးရထံသို့ တောင်းဆိုခဲ့ပါသည်။
အဆိုပါအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Pramote Charoensilp က အမျိုးသားဆန်စပါး မူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီ လက်အောက်ရှိ ဆပ်ကော်မတီအနေဖြင့် စပါးဈေးနှုန်းကျဆင်းမှုနှင့် ပတ် သက်ပြီး ကိုင်တွယ်ဖြေရှင်းနေသည့် အစီအမံများအား ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်း ခဲ့သည်။
စပါးထွက်ရှိခြင်း မရှိသည့် အချိန်ကာလတိုင်အောင် စပါးရောင်းချမှုများကို ဆိုင်းငံ့ထားနိုင် ရေးအတွက် ချေးငွေများထုတ်ပေးခြင်း၊ လယ်သမားများ၏ စပါးရောင်းချမှုကို အထောက်အပံ့ပြု ရန် ပြည်တွင်း ဈေးကွက်တင်ရောင်းချမှု နည်းလမ်းများ တိုးမြှင့်ခြင်းနှင့် ဆန်စပါးလုပ်ငန်းရှင်များ သို့ နစ်နာကြေးထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ အပါအဝင် ဘတ်ငွေ ၁.၈၉ ဘီလီယံတန်ဖိုးရှိ သော အစီအမံများကို ယင်းဆပ်ကော်မတီက မကြာသေးမီက စတင်ချမှတ်ဆောင်ရွက်ခဲ့အပြီး ယခုကဲ့သို့ မှတ်ချက်များပေါ်ထွက်လာခြင်းဖြစ်ပါသည်။
အဆိုပါအသင်း၏ ဂုဏ်ထူးဆောင်အကြံပေးဖြစ်သူ Kriengsak Tapananon က ၎င်း အစီ အမံများသည် တောင်သူများ၏လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ထိုကဲ့သို့သော အစီအစဉ် များကြောင့် အကျင့်ပျက်ခြစားမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့ပါသည်။
တောင်သူများ၏ အောက်ဖော်ပြပါ တောင်းဆိုချက်များကို ဖြည့်ဆည်းဆောင်ရွက်သင့် ကြောင်း ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းက အကြံပြုဖော်ပြထားပါသည်-
(က) အစိုဓာတ် ၁၅ ရာခိုင်နှုန်းပါဝင်သည့် စပါးတစ်တန်လျှင် အနည်းဆုံး ဘတ် ၁၂၀၀၀ နှုန်းနှင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းပါဝင်သော စပါးတစ်တန်လျှင် အနည်းဆုံး ဘတ် ၁၀၀၀၀ နှုန်းဖြင့် စပါးဈေးနှုန်းအာမခံချက် အစီအစဉ်ထားရှိရေး စဉ်းစားပေးရန်၊
(ခ) ရိတ်သိမ်းပြီးနောက် ကြွင်းကျန်သော စွန့်ပစ်ကောက်ရိုးများအား မီးရှို့ခြင်း မပြုသည့် အပေါ် စိုက်ဧရိယာ တစ်ရိုင်လျှင် ဘတ် ၅၀၀ ပေးအပ်ရေး စဉ်းစားပေးရန်၊
(ဂ) စပါးစိုက်ပျိုးရေးအတွက် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး နှင့် စက်မောင်းဆီတို့ကို ထိန်းကျောင်းပေးရန်၊
(ဃ) ရေကြီးနစ်မြုပ်ခြင်းကို လျှော့ချနိုင်ရန် ၎င်းတို့၏ လယ်ယာမြေများကို အသုံးပြုရ ခြင်းအပေါ် လယ်သမားများအား နစ်နာမှု လျော်ကြေးပေးအပ်နိုင်ရေး စည်းမျဉ်း စည်းကမ်းများ ရေးဆွဲဆောင်ရွက်သွားရန်၊
(င) ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကာမိစေရန်အတွက် တစ်ရိုင်လျှင် ဘတ် ၁၀၀၀၀ နှုန်း ဖြင့် စပါးအထွက်နှုန်းတိုးတက်စေမည့် စီမံကိန်းများဆောင်ရွက်သွားရန်။
အစိုးရအနေဖြင့် ကူညီထောက်ပံ့သည့် အစီအစဉ်များအားလုံးကို လယ်သမားများအားလုံး က တန်းတူညီမျှစွာ ခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးသင့်ကြောင်း Mr. Kriengsak က ပြောကြား ခဲ့ပါသည်။
Source: Nation Thailand, 21 Feb 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)