Main menu

ပခုက္ကူမြို့တွင် ကျွန်းစားတော်ပဲ(အသစ်)များ ဈေးကွက်သို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ဈေးအနည်းငယ်ကျဆင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ(အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစား တော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ စတင်ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်) ပေါ်ချိန်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှတဆင့် ဒေသတွင်းစားသုံးသူများသို့ တဆင့်ပြန်လည်ရောင်းချကြောင်း  သိရသည်။

        ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)အစောပိုင်းတွင် သီးနှံပေါ်စ ကျွန်းစားတော်ပဲ တစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၁၂၀၀၀၀-၁၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကျွန်းစားတော်ပဲသီးနှံ(အဟောင်း) တစ်တင်းလျှင် ကျပ်(၁၅၀၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍  စားတော်ပဲတစ်တင်းလျှင် ကျပ်(၃၀၀၀၀) ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့တစ်ရက်လျှင် ကျွန်းစားတော်ပဲသီးနှံ(အသစ်) ပိဿာ(၃၀)ဝင် အိတ် (၃၀)မှ(၅၀)ထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် စားတော်သီးနှံကို နေ့စဉ်စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံးစားသုံးသည့် သီးနှံတစ်မျိုးဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာ တစ်မျိုးဖြစ်၍  အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ (အသစ်)များ အများဆုံးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)