
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ် သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီ(ဥစိုက်)များ ဝင်ရောက်အရောင်းအဝယ် ဖြစ်ခဲ့ရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ နွေပင်စိုက်များလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း တစ်ရက်လျှင် ကုန်ချိန်ပိဿာချိန်(၄)သောင်း မှ (၅)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာချိန်(၁၀)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၉၀၀-၂၅၀၀-၂၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၂၇၅၀-၂၅၀၀-၂၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၂၅၀၀-၂၀၀၀-၁၅၀၀)၊ (စတုတ္ထပတ်)တွင် ကျပ်(၂၂၀၀-၂၀၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းနှင့် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်းခြင်းအပြင် စိုက်တောင်သူများမှ စိုက်ပင်သက်တမ်းမပြည့်မီ ကြက်သွန်နီဥတူးဖော် ရောင်းချခြင်းဖြစ်၍ သီးနှံအရည်အသွေးကျဆင်းခြင်းကြောင့် ဈေးအနည်းငယ်လျော့နည်းပြီး အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ဖေဖော်ဝါရီလအတွင်း ကုန်ချိန်ပိဿာချိန်(၁၀)သိန်းခန့်၊ တန်ချိန်အား ဖြင့် (၁၆၃၃)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့ ဝယ်လက်များမှ တစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)