Main menu

အညာဂွေးတောက်နှင့် ပျိုးဂွေးတောက်

Powered by Drupal

        လူတို့အသက်ရှင်နိုင်ရန်အတွက် သွေးအားနှင့်လေအား နှစ်မျိုးလိုအပ်ပါသည်။ အသက်ကြီး လာလျှင် လေဆက်စေရန်အတွက် အခါးစားပေးရမည်ဟု ရှေးလူကြီးများက ဆိုကြပါသည်။ ဂွေးတောက်ရွက်သည် ပူခါးမျိုးဖြစ်ပါသည်။ ဂွေးတောက်ရွက်ကို ကြက်သား၊ ကြက်ရိုးနှင့် ချက်စားက အရက်သောက်သူများအတွက် အဆိပ်အတောက်ကို ပြယ်စေပါသည်။ ဂွေးတောက်ရွက် ကို ဟင်းချိုချက်၍သော်လည်းကောင်း၊ ဘဲဥ၊ ကြက်ဥနှင့်ကြော်၍သော်လည်းကောင်း စားသုံးပါက ခွန်အားတိုးစေပါသည်။ ဂွေးတောက်ရွက်နှင့် ကြက်ရိုးဟင်းချိုချက်စားပါက ဂွေးတောက်ရွက်၏ ခါးသက်သက်အရသာနှင့် ကြက်သား၏ အချိုဓါတ်တို့ရောစပ်ပြီး အလွန်အရသာရှိသော ကြက်ဂွေး ဟင်းချိုကို ရရှိသည်။ ဂွေးတောက်ရွက်သည် ဝမ်းမီးကိုကောင်းစေပြီး အစာကြေလွယ်ပါသည်။ အမျိုးသားများအတွက် ဒူလာကောင်းပြီး အမျိုးသမီးများအတွက် သွေးသားကို သန့်စေပါသည်။ အညာဒေသတွင် ပေါက်ရောက်သည့် ဂွေးတောက်ပင်သည် ထနောင်းပင်၊ တမာပင်၊ ဇီးပင် စသည့် အပင်ကြီးများပေါ်သို့ အနွယ်တက်ပြီးရှင်သန်ဖြစ်ထွန်းသည့် နှစ်ရှည်ပင်ဖြစ်ပါသည်။ ၎င်းဂွေးတောက် ပင်များ ယခုရာသီတွင် ရွက်ဟောင်းကြွေကျပြီး ရွက်သစ်ရွက်နုအဖူးများ ထွက်ပေါ်လျှက်ရှိပါသည်။ အညာဂွေးတောက်ရွက်ကို တပေါင်း၊ တန်ခူးလများတွင် မိုးဦးမကျမီ ခူးယူစားသောက် ရောင်းချကြ ပါသည်။ မိုးကျပြီးပါက အညာဂွေးတောက်ရွက်သည် အလွန်ခါးပါသည်။ အညာဂွေးတောက်ရွက် သည် ပိုးသတ်ဆေးဓါတ်မြေဩဇာကင်းစင်သော သဘာဝဟင်းသီးဟင်းရွက်ပင်မျိုးဖြစ်ပါသည်။ အညာဒေသတွင် ဂွေးတောက်ပင်သည် အလေ့ကျပေါက်ပင်မျိုးဖြစ်သည်။ ယခုအခါ ဂွေးတောက်ပင် များကို ရေသွင်း၍ စီးပွားဖြစ်စိုက်ပျိုးလာခြင်းများလည်း ရှိပါသည်။ ၎င်းပျိုးဂွေးတောက်ပင်မှ ဂွေးတောက်ရွက်သည် အခါးဓါတ်နည်းပြီး အပင်ပုမျိုးဖြစ်သည်။ အဖူးအပွင့်အသီးများထိ မထားပဲ ရာသီမရွေးခူးယူစားသောက်ရောင်းချကြပါသည်။ ပျိုးဂွေးတောက်သည် အညာဂွေးတောက်ထက် အခါးဓါတ်လျော့နည်းပါသည်။ ဈေးကွက်အတွင်း၌ အညာဂွေးတောက်ရွက်တစ်ဆယ်ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ ပျိုးဂွေးတောက်တစ်ဆယ်ကျပ်သားလျှင်(၁၀၀၀)ကျပ်‌ ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိ ကြောင်း ဟင်းသီးဟင်းရွက်ကုန်စိမ်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)