
စံပယ်ပန်းသည် ဆယ့်နှစ်ရာသီပွင့်သောပန်းဖြစ်သော်လည်း တပေါင်းလမှ နယုန်လအထိ အများ ဆုံးပွင့်ကြသည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီများထဲတွင်နယုန်လ၌ ပွင့်သောပန်းဖြစ်ပါသည်။ စပယ် ပန်းပင်သည် ချုံပင် တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်ပါသည်။ စံပယ်ပန်း သည် မွှေးကြိုင်သော သင်းရနံ့နှင့် အဖြူရောင်အဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သော ပန်း ဖြစ်ပါသည်။ စံပယ်ပန်းကို ရွှေစံပယ်၊ ကြက်ရုန်းကြီး၊ ကြက်ရုန်းကလေး၊ ဘိတ်ကြီး၊ ဘိတ်ကလေး၊ စံပယ်လည်ဆံ ၊ ဆယ့်နှစ်ရာသီစပယ် စသဖြင့် ခွဲခြားထားပါသည်။ မြန်မာပြည် အပူပိုင်းဒေသတွေမှာ အများဆုံး စိုက်ပျိုးကြသည်။ ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ်သက်ပြီး နွေဦးရာသီတွင် အဖူး အပွင့် စတင်ကာ အဆင်းနှင့်ရနံ့မှာ နှစ်သက်မြတ်နိုးစရာတစ်ခုဖြစ်ပါသည်။
စံပယ်ပင်သည် မြေမရွေး စိုက်ပျိုးဖြစ်ထွန်းသည်။ အကြမ်းခံပင်ဖြစ်သည်။ နုန်းဆန်သော မြေတွင် အထူး ရှင်သန်ကောင်းမွန်ပြီး လေဝင်လေထွက်ကောင်း၍ ရေမဝပ်သည့် မြေများတွင်ပိုမို ဖြစ်ထွန်းသည်။ စိုက်ခင်း အကျယ်ကိုရေလောင်းပေးမှု လွယ်ကူစေရန်ရရှိသည့် မြေကွက်အလျား အပေါ်မူတည်၍ ထားရ သည်။ စိုက်ခင်းမြေအား တစ်ပေခန့်ကျင်းနက်နက်တူး၍၊ တစ်ပေခန့်မြင့်သော ဘောင်တင်စိုက်ပျိုးခြင်း ဖြင့်လည်းကောင်း၊အပေါ်ယံမြေသားတစ်ဆ၊သစ်ရွက်ဆွေး၊ မြေနှစ်ဆနှင့် သဲကြမ်းတစ်ဆ ရောစပ်ထား သောမြေများအားထည့်၍လည်းကောင်းပြုလုပ်ပေးရသည်။ တစ်ပင် နှင့် တစ်ပင်ခွာ၍ လည်းကောင်း တစ်တန်း နှင့် တစ်တန်းတစ်ပေခွာ၍ လည်းကောင်း စိုက်ပျိုးသင့်သည်။သို့မှသာ ပြုစုထိန်းသိမ်းမှုနှင့် ကိုင်းဖြတ်ရလွယ်ကူမည်။စိုက်ပြီးစအချိန်တွင် နွားချေးမြေသြဇာများ ကျွေးပေးရန်မလိုချေ။ တစ်ဧက စိုက်ပျိုးရန် မျိုးကိုင်း ၄၀၀၀၀ ခန့် လိုအပ်သည်။ စံပယ်ကို မျိုးပွားရာတွင်“အကိုင်းကို မြေမြှုပ်၍ကူးခြင်း၊ အပင်ခြေမှပေါက်သော ပင်ပွားကို အမြစ်နှင့်တကွခွဲ၍ စိုက်ပျိုးခြင်း၊အကိုင်းဖြတ်၍ စိုက်ခြင်း”ဖြစ်ပြီး ၎င်း သုံးနည်းအနက်အလွယ်ကူဆုံးနှင့် စီးပွားဖြစ် စိုက်ပျိုးသူများ အများဆုံး အသုံးပြုသည့်နည်းမှာ ကိုင်းဖြတ် စိုက်ပျိုးနည်းဖြစ်သည်။
မိုးဦး ဇွန်လ၊ ဇူလိုင်လသည် အကောင်းဆုံး စိုက်ပျိုးချိန်ဖြစ်သည်။ မြေသြဇာ ကျွေးခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ပေးရသည်။ မိုးဦး ဇွန်လ၊ ဇူလိုင်လတွင် တစ်ကြိမ်ကျွေးပြီး မိုးနှောင်း စက်တင်ဘာလနှင့် အောက်တိုဘာလတွင် တစ်ကြိမ် ကျွေးပေးရသည်။ မိုးဦးတွင် ယူရီးယားတစ်ဆနှင့် တီစူပါတစ်ဆ အရောအား တစ်ပင်လျှင် ရှစ်အောင်စ ကျွေးပေးရသည်။ မိုးနှောင်းတွင် အပွင့်များ လှိုင်လှိုင် ထွက်ရန် ယူရီးယားတစ်ဆနှင့် တီစူပါနှစ်ဆခန့် ရောစပ်၍ တစ်ပင်လျှင် ရှစ်အောင်စနှုန်း ကျွေးပါက အပင် များပိုသန်ပြီးပန်းများလည်း ဖြိုင်ဖြိုင်ပွင့်မည် ဖြစ်သည်။ မြေသြဇာ ကျွေးရာတွင် ပင်ရင်းနား ကပ်မကျွေးပဲ အပင်အရွယ်အစားပေါ်မူတည်၍ အပင်နှင့်တစ်ပေမှတစ်ပေခွဲခွာ၍ကျွေးရမည်။ မြေသြဇာကျွေးခြင်းနှင့် အတူ ပေါင်းသင်မြေဆွပေးရမည်။ စံပယ်သည် ကိုင်းဖြတ်ခြင်းပြုလုပ်ပြီး ထွက်လာသည့် ကိုင်းသစ်ထိပ် မှသာအများအပြားပွင့်ရာ၎င်းအား ဆောင်းဦးဝင်စအချိန်တွင် ကိုင်းများဖြတ်တောက် ပြုပြင်ပေးရသည်။ ဤသို့ ကိုင်းဖြတ်၍ မြေသြဇာကျွေးထားလျှင် ပန်းပွင့်များစွာ ဖြိုင်ဖြိုင်ပွင့်လာမည်ဖြစ်သည်။
နွေရာသီနှင့် မိုးရာသီများတွင် အထွက်နှုန်းများပြားကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါ အဝင်တစ်ဧကလျှင်ငွေကျပ်၄၅၀၀၀၀ ခန့်ကုန်ကျပြီး တစ်ဧကအတွက် တစ်လလျှင် စံပယ်ပန်း ပိဿာချိန် ၁၅၀-၂၀၀ခန့်ထွက်ရှိကြောင်း၊ နွေရာသီပန်းပွင့်ချိန် ရေမှန်မှန် လောင်း ပေးခြင်းဖြင့်အပွင့်များများပွင့်သည်။ ပထမနှစ်၌သာသေချာပြုစုထိန်းသိမ်းခများ ကုန်ကျမည်ဖြစ်ပြီး ဒုတိယနှစ်နှင့်တတိယနှစ်များတွင် ငွေကုန် ကြေးကျအနည်းငယ်သာရှိတော့သည်။ ဝင်ငွေကောင်း သောကြောင့်စံပယ်ခြံများကို စီးပွားဖြစ် စိုက်ပျိုးကြ ကြောင်းနှင့်မိသားစု အပိုဝင်ငွေ ရရှိရန် အတွက်လည်းတစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြကြောင်းသိရှိရပါသည်။
စံပယ်ပန်းပွင့်များကိုကြိုးဖြင့် သီကုံးပြီးဦးခေါင်းတွင်ပန်ဆင်ကြသည့်အပြင် အခက်လိုက် ပန်ဆင်သူများလည်းရှိသည်။စံပယ်ပန်းကုံးများကိုဘုရားပန်းအဖြစ်ကပ်လှူရန်၊ ပန်းပန်ရန်နှင့် ကားများ၊ ဈေးဆိုင်များ တွင်ချိတ်ဆွဲရန်တို့အတွက်သော်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိ ရပါသည်။
ဈေးကွက်အနေဖြင့် ပန်းဒိုင်များမှ ပန်းဖူးများကို ပိဿာချိန်နှင့်ဝယ်ယူပြီး ပန်းဒိုင်များမှ လက်လီ သီကုံးရောင်းချသူများကို ၅ကျပ်သား၊ ၁၀ ကျပ်သားဈေးနှုန်းဖြင့် ပြန်လည် ရောင်းချကြပါသည်။ ဈေးနှုန်း ဈေးကွက်အနေဖြင့် စစ်ကိုင်းတိုင်း ရွာသာကြီးမှ မန္တလေးပန်းဒိုင်သို့ စပယ်ဖူး တစ်ပိဿာ ကျပ် ၂၀၀၀၀/-၊ လက်လီသမားများအတွက်၁၀ကျပ်သားလျှင် ကျပ်၅၀၀၀/-တို့ဖြင့် ဝယ်ယူရရှိပြီး ပန်းသီကုံးရောင်းချသူ များအနေဖြင့်၅ ကျပ်သားလျင်တစ်ရက်ကျပ်၇၅၀၀-၈၀၀၀ ဝန်းကျင်အထိရရှိသည့်အတွက် ဈေးကွက်ဝင် ပန်းတစ်မျိုးဖြစ်သည့် စံပယ်ပန်းကို စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်းနှင့် စံပယ်ပန်းများလှိုင်လှိုင်ပွင့်ချိန်ဖြစ် ၍ စံပယ်ပန်းရောင်းချသူများ တွက်ချေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)