
စားဖိုချောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သည် ဗီတာမင်စီကြွယ်ဝပြီး၊ ဗီတာမင် အေ၊ ဘီ၊ အီး၊ ကယ်စီယမ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေပါဝင်တဲ့အသီးလည်းဖြစ်ပါတယ်။ ကြိုက်သူ တွေက တော့ ဘာပဲသုပ် စားစား ငရုတ်သီးစိမ်း နှင့်တွဲစားတတ်ကြသလို၊ မကြိုက်တဲ့သူတွေကတော့ အစပ် ကိုကြောက်ပြီး သေချာ ရွေးဖယ် စားတတ် ကြပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန် စားသုံး နိုင်ရင် လူတို့အတွက် ကျန်းမာရေးနှင့် သင့်တော်တဲ့သီးနှံဖြစ်ပါတယ်။
ဟင်္သာတနှင့် မြန်အောင်ခရိုင်မှာ ငရုတ်သီးနှံကို မိသားစုများ တနိုင်တပိုင် မိမိအိမ် စားသုံးဘို့ စိုက်ပျိုးရာကနေ ယခုအခါ ဒေသတွင်းရောင်းချဘို့နှင့် ပြည်ပတင်ပို့တဲ့အထိ စိုက်ပျိုး လာကြတာကို တွေ့ရှိရပါတယ်။ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြေနုကျွန်းတွေဖြစ်တဲ့ ကျောက်ရဲ ၊ သဲရိုး၊ ဘိုးကလေးကျွန်း၊ ပဲကြီးကျွန်း၊ သက္ကယ်ပြင်၊ အေးရွာ၊ ကြွက်ကျွန်း၊ နန်းတော်ကျွန်း၊ သာယာစု၊ သူဌေးကုန်း၊ လက်ပံလှ၊ သဲတုန်း စသည့်ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပါသည်။ မြန်အောင်ခရိုင် အင်္ဂပူ မြို့နယ်ထဲက ညောင်ကျိုးအုပ်စုထဲမှာရှိတဲ့ ချင်းကုန်း၊ ညောင်ကုန်း၊ ကျောင်းကုန်း၊ ရဲဘော်ကျွန်း၊ စံပြ၊ ဘုရားကျွန်း၊ လက်ကြားကုန်း ရွာတွေမှာ အများဆုံးစိုက်ပျိုးကြပြီး ဟင်္သာတနှင့် မြန်အောင် နှစ်ခရိုင် ပေါင်း ဧက ၁၀၀၀၀ ခန့် စိုက်ပျိုးကြပါသည်။
ငရုတ်မျိုးအနေဖြင့် မိုးထောင်နှင့် အောက်ဆွဲမျိုးများကို စိုက်ပျိုးကြပြီး ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေကျချိန် မြေနုကျွန်းများတွင် စက်တင်ဘာလဆန်းမှ စတင်စိုက်ပျိုးကြပါသည်။ မိုးထောင်မျိုးသည် အစိမ်း၊ အမှည့်စို၊ ငရုတ်ခြောက် အဖြစ်ပြုလုပ်ရောင်းချနိုင်ပြီး အောက်ဆွဲမျိုးကို ငရုတ် ခြောက် အဖြစ် အများဆုံးထုတ်လုပ်ရောင်းချကြပါသည်။ မိုးထောင် စိုက်တောင် သူတွေဟာ အစိမ်း ဈေးကောင်းချိန်မှာ အစိမ်းခူးရောင်းပြီး၊ အစိမ်းဈေး ကျလာပါက အမှည့်စိုအဖြစ် ထုတ်လုပ် ရောင်းချ ကြကာ အမှည့်စို ဈေးမကြိုက်ပါက ငရုတ်ခြောက်အဖြစ် ထုတ်လုပ် ရောင်းချကြပါသည်။
မိုးထောင်ငရုတ် တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြင်ခြင်း၊ မျိုး၊ မြေဩဇာ၊ ရေတင်ခြင်း ခူးဆွတ်ခြင်းတို့အတွက် ပျမ်းမျှ (၂၅)သိန်း မှ(၃၀) ကြားကုန်ကျနိုင်ပြီး တစ်ဧက ထွက်ရှိမှုမှာ ငရုတ်စို အနေဖြင့် ပျမ်းမျှ ပိဿာ ၃၀၀၀ မှ ၄၀၀၀ ကြားထွက်ရှိ၍ ငရုတ်ခြောက်အနေဖြင့် ပိဿာ ၁၀၀၀ ခန့်ထွက်ရှိပါ သည်။ယခုနှစ်ဟင်္သာတနှင့် မြန်အောင်ဒေသ၏ ငရုတ်သီးနှံ စတင်ထွက်ရှိချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာပင် ငရုတ်သီးအစိမ်း ၁ပိဿာ လျှင် ၁၇၀၀ ကျပ်ရရှိသည့်အတွက် ယခင်နှစ် ကာလတူ ဈေးနှုန်း ထက် ၅၀၀ ကျပ်ခန့်မြင့်မားလျက် ရှိပါသည်။ မိုးထောင်မျိုးအဖြစ် 777နှင့် ဆကာတာ မျိုးများကိုစုက်ပျိုးကြပါသည်။ ငရုတ်ဟာ စစိုက်ပြီး ရက်(၉၀) ခန့်မှာစသီးပါတယ်။ အစိမ်း ကို စသီးပြီး ရက် ၃၀ မှ ၄၅ ရက်အတွင်း ရက်ပတ်အလိုက် ခူးရောင်းကြပြီး၊ အမှည့်စိုကိုတော့ စမှည့်ချိန် ၄၅ ရက်သားမှာ ခူး၍ရောင်းချပြီး၊ ငရုတ်ခြောက်ကိုတော့ စမှည့်ချိန် ၄၅ ရက် သားမှစခူးပြီး နေလှန်း၍ အသီးခြောက် အဖြစ်ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ငရုတ် အမှည့်စို ဈေးနှုန်းမှာမြင့်တက်လာခဲ့ပြီး မိုးထောင်အမှည့် စို တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် အတွက် ငရုတ်တင်ပို့သည့် လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များ ငရုတ်ထွက်ရှိရာဒေသသို့ အအေး ခန်းကား များဖြင့် လာရောက်ဝယ်ယူသည့်အတွက် ဈေးကောင်းရခဲ့ခြင်းဖြစ်ပါသည်။
ဟင်္သာတမြို့နယ်၊ လယ်တော်ရပ်ကွက်မှ ငရုတ်သီးအမှည့်စို ရောင်းဝယ်သည့် ကုန်သည် တစ်ဦးလည်းဖြစ်သူ၊ ဧရာဝတီတိုင်းဒေသကြီး ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဒုဥက္ကဌ လည်း ဖြစ်သူ ဦးရဲဂေါင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ သူ့အနေဖြင့် ယခုနှစ်တွင် အစပ်ဒီဂရီ မြင့်မားပြီး မိုးထောင်မျိုးများထဲတွင် အရွယ်အစား သေးငယ်သော ဆကာတာမျိုး မိုးထောင်ငရုတ် အမှည့်စိုကို ပေ(၄၀) အအေးခန်း ကွန်တိန်နာ ဖြင့် (၉) လုံးခန့် ရောင်းချခဲ့ရကြောင်း၊ ပြည်ပတင်ပို့သူ လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များလိုက်ပါသော အအေးခန်းကားများဖြင့် ဒေသသို့ လာရောက် ဝယ်ယူခြင်းဖြစ်ပြီး၊ ဦးရဲဂေါင်အနေဖြင့် ကားတင်ငွေချေစနစ်ဖြင့် ရောင်းချခဲ့ကြောင်းတို့ကို ပြောကြား ခဲ့ပါ သည်။
မိုးထောင်ငရုတ် အမှည့်စိုကို အအေးခန်းကားဖြင့် သယ်ယူရောင်းချနိုင်ရန်အတွက် နေ့ချင်း ခူးသော မိုးထောင်ငရုတ်အမှည့်စိုများကို လိုအပ်သော အရွယ်အစားနှင့် အရည်အသွေးကို လုပ်သား များဖြင့် ရွေးချယ်၍ ပလတ်စတစ်ခြင်းတွင် စက္ကူခံ၍ ထည့်ပြီး ၂၄ နာရီအတွင်း အအေးခန်း ကား အတွင်းသို့ ထည့်သွင်းနိုင်ရေး ဆောင်ရွက် ရပါသည်။ အအေးခန်းကားများသို့ ရောင်းချနိုင်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း နေ့စဉ် ငရုတ်ရွေးလုပ်သား (၁၀၀) ခန့်ဖြင့် ရွေးချယ်ရပြီး ငါးပိဿာ တစ်ခြင်းလျှင် ၈၀၀ ကျပ်နှုန်းဖြင့် ရွေးခ ပေးချေရပါသည်။ အအေးခန်းကားတစ်စီးလျှင် ငရုတ်မှည့်အစို ငါးပိဿာခြင်း ၂၀၀၀၊ ပိဿာချိန်အားဖြင့် ၁၀၀၀၀ ခန့်တင်ဆောင်နိုင်ကြောင်းလည်း သိရှိရပါသည်။ လုပ်သား တစ်ဦးအနေဖြင့် တစ်ညလျှင် ငါးပိဿာခြင်း ၃၀ မှ ၄၀ ကြားရွေးနိုင်ပြီး လုပ်သားတစ်ဦးလျှင် တစ်ညကို လုပ်သားခ ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကြားရရှိနိုင်ကြောင်းလည်းသိရှိ ရပါသည်။ ငါးပိဿာဝင် ပလတ်စတစ် ခြင်းတစ်ခြင်း၏ ဈေးနှုန်းမှာလည်း ၃၀၀၀ ကျပ်ခန့်ရှိပါသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှစ၍ အအေးခန်းကားများဖြင့် ဝယ်ယူမှု နည်းသွား ပြီး ဈေးနှုန်းမှာလည်း အမှည့်စို တစ်ပိဿာ လျှင် ၂၀၀၀ မှ ၂၂၀၀ ကျပ်သာ ရရှိ တော့သည့်အတွက် အမှည့်စို အဖြစ် ရောင်းချခြင်း မပြုတော့ပဲ အမှည့်ခြောက်အဖြစ် ရောင်းချနိုင်ရေး နေလှန်းခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။ မိုးထောင်ငရုတ်ခြောက်တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှင့် အောက်ဆွဲငရုတ် ခြောက်တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ခန့်ရရှိလျက်ရှိပါသည်။
ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်မှ ငရုတ်စိုက်တောင်သူများအနေဖြင့် ယခုနှစ် ကိုင်းသီးနှံ ငရုတ်လှိုင်လှိုင်ပေါ်ချိန် ဇန်နဝါရီလတွင် မိုးထောင်ငရုတ်အမှည့်စို တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ခန့်ထိ ဈေးကောင်းရရှိခဲ့ပြီး ဝယ်ယူတင်ပို့သူ ကုန်သည်များသည်လည်း ငရုတ်ရွေးခ၊ သယ်ယူစရိတ်၊ ခြင်းဘိုး နှုတ်ပြီး တစ်ပိဿာအပေါ်တွင် အကျိုးအမြတ် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ခန့်ရရှိခဲ့သည့်အတွက် စိုက်ပျိုးသူ တောင်သူနှင့် ကုန်သည်များ၊ ဒေသရှိလုပ်သားများ အကျိုးရှိခဲ့သော သီးနှံလည်းဖြစ်ပါသည်။ ငရုတ်သီးနှံ သည် လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပြီး ဒေသရှိစိုက်ပျိုးထုတ်လုပ်သူများ ၊ ကုန်သည်များအနေဖြင့် တိုက်ရိုက်တင်ပို့ရောင်းချနိုင်ပါက ပိုမိုအကျိုးရှိစေမည့် စားဖိုချောင်းသီနှံ တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)