
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်၍ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အလှကုန်နှင့် လူသုံးကုန်များကို (၄.၂.၂၀၂၅) ရက်နေ့တွင် နံနက် (၁၀း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ပန်းတနော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့်ထုတ်ပြန်ထားသော ကုန်စည်အုပ်စုအလိုက် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီးနောက် ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံပေးရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)