စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် မုံရွာတက္ကသိုလ်၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောဆွေးနွေးကြပါသည်။
ရှေးဦးစွာ မုံရွာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်သို့ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ လာရောက်ဆွေးနွေးဟောပြောပေးသည့်အတွက် တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် "စား၊ ဝတ်၊ နေရေး" ဟူသည့် အခြေခံအရေးသုံးပါးအတွက် နေ့စဉ်ဆောင်ရွက်ကြရာတွင် စားသုံးသူအရေးအရာများနှင့် ပတ်သက်နေမည်ဖြစ်ပါကြောင်း၊ မိမိတို့လူနေမှုဘဝအတွက် အရေးကြီးသည့် မှတ်သားဖွယ်ဗဟုသုတများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူအခွင့်အရေးများဖြစ်ပေါ် လာပုံသမိုင်း၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ ဌာနကဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း ဟောပြောပါ သည်။
ထို့နောက် စားသုံးရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါရီလင်းထွဋ်က စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဟောပြောခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနကဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူအငြင်းပွားမှုများနှင့်ပတ်သက်၍ နမူနာဖြစ်စဉ်များနှင့်တကွ ရှင်းလင်းဟောပြောခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာက အစားအသောက်ဘေးအန္တရာယ်အကြောင်း ရှင်းလင်းဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များမေးမြန်မှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးဖြေကြားပေးခဲ့ပါသည်။
အဆိုပါ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲသို့ မုံရွာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)