
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်သည် မြစ်၊ ချောင်း၊ အင်းအိုင်များပေါများပြီး မြေပြန့်ဒေသဖြစ်ကာ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။
ငါးအစိုမှ ငါးအခြောက်ပြုလုပ်ရာတွင် ငါးရံ့အစို (၁၅)ကျပ်သား၊ (၂၀)ကျပ်သား အကောင်များအား ရွေးချယ်၀ယ်ယူ၍ ခေါင်းဖြတ်၊ အူကိုထုတ်ပြီး ကျောခွဲ၊ ဗိုက်ခွဲ၍ အလယ်ရိုးထုတ်ကာ အပေါ်အရေခွံခွာ၍ ငါးတစ်ကောင်လျှင် ငါးခြောက်မြှောင်းခွဲ၍ အိမ်သုံးဆားအနည်းငယ်နှင့် နယ်ပြီး အမြှောင်းလိုက်ခြောက်အောင် နေလှန်းရသည်။ လေးရက်နေလှန်းပြီးပါက ခြောက်သွေ့သည့် ငါးခြောက်များ ရရှိသည်။
ငါးရံ့ခြောက်များအား သုံးမိနစ်ခန့်ရေစိမ်ပြီးနောက် ရေကိုစစ်ထားကာ မီးသွေးမီးဖိုများတွင် မီးဖုတ်၍ မွလာအောင်ထုရသည်။ ထုမွှာပြီးသော ငါးခြောက်ဖုတ်များကို မီးသွေးမီးဖိုတွင် သံဆန်ခါခံ၍ တစ်ဖန်ပြန်ပြီးမီးကင်ရသည်။ မီးကင်ပြီး ကြွပ်ရွလာသော ငါးခြောက်ဖုတ်များအား ဆီဇလုံထဲသို့ ခေတ္တထည့်၍ ဆီဇလုံမှဆယ်ယူကာ ဆီစစ်ထားသောငါးခြောက်ဖုတ်များကို ထည့်သွင်းမည့် ဘူးအရွယ်အစားအလိုက် ချိန်ခွင်နှင့် ချိန်တွယ်၍ ဘူးထဲသို့ ထည့်ပြီးလေလုံအောင် Packing Plastic ဖြင့် အလုံပိတ်ကာ ဈေးနှုန်းသက်မှတ်ရောင်းချသည်။ ငါးရံ့အစို တစ်ပိဿာ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၂၀၀၀၊ ငါးခွဲလုပ်သားခ၊ နေလှန်းခ၊ မီးဖုတ်ထုသည့် လုပ်သားခ၊ မီးသွေးဖိုး၊ ပဲဆီ စုစုပေါင်းကုန်ကျစရိတ်များ နုတ်၍ တစ်ပိဿာလျှင် တစ်ထောင်နှုန်းခန့် အကျိုးအမြတ်ရရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
ငါးရံ့ခြောက်ဖုတ်လုပ်ငန်းမှာ MSMEs ထုတ်ကုန်အမယ်သစ်အနေဖြင့် ပြည်တွင်း/ ပြည်ပ ဈေးကွက်ဝေစုရရှိနိုင်ပြီး အလားအလာကောင်းသော ထုတ်ကုန်ပစ္စည်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)