
မြန်မာနိုင်ငံအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စားသုံးဆီ ထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကို အခြေခံသည့်ထုတ်လုပ်မှု၊ ရာဘာကိုအခြေခံသည့်ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့်ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကို အခြေခံ သည့် ထုတ်လုပ်မှု့ သစ်၊ ဝါး၊ ကြိမ်များကို အခြေခံသည့်ထုတ်လုပ်မှု့၊ တိရိစ္ဆာန်အစားအစာထုတ်လုပ်မှု့ စသည့်လုပ်ငန်းများစွာရှိပါသည်။
ပြည်ခရိုင်အနေဖြင့် စားသုံးဆီထုတ်လုပ်မှုမှာ ပဲဆီနှင့် နှမ်းဆီကိုအဓိကထား၍ ကြိတ်ခွဲ ထုတ်လုပ်ကြပါသည်။ ဆီစက်အရေအတွက်မှာ အကြီး၊ အငယ်၊ အလတ် စသည်ဖြင့် ၄၃စက် ရှိပါသည်။ ထိုစက်များမှ ကုန်ကြမ်းပစ္စည်းရလျှင်ရသလို ဆီများကြိတ်ခွဲလည်ပတ်လျှက်ရှိပါသည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းဖြစ်သော ဖွဲနုကို တန်ဖိုးမြှင့်ထုတ်ကုန်ဖွဲနုဆီများထုတ်လုပ် ရောင်းချလာ နိုင်မည်ဆိုလျှင်လည်း ပြည်တွင်းစားသုံးဆီအဖြစ် တစ်တောင့်တစ်ရာမှ အထောက် အကူပြု မည်ဖြစ်ပါသည်။ ဆန်နှင့် ဆန်ကွဲကို အခြေခံထုတ်လုပ်သည့် ဆန်မရွေးလုပ်ငန်း (၅)ခုရှိပြီး လိုအပ် သည့် ကုန်ကြမ်းဖြစ်သောဆန်နှင့်ဆန်ကွဲများအား ဆန်စက်များမှဝယ်ယူပြီး သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်၍ ဒီထက်မက တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပါသည်။ သစ်၊ဝါး၊ ကြိမ်ကို အခြေခံ၍ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကိုးတွင်းစဉ် ကျေးရွာတွင် ဝါး၊ ကုလားထိုင်ထုတ်လုပ်သည့် လုပ်ငန်းများရှိပြီး လုပ်ငန်းများ ပိုမိုတိုးတက် လာနိုင်လျှင် OROP လုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရွှေတောင်မြို့နယ် အနေဖြင့် OROP လုပ်ငန်းများအနေဖြင့် ရွှေတောင်မြို့၏ မြန်မာ့ရိုးရာ ချည်ထည် လုပ်ငန်းများ ဖြစ်သော စည်းလုံချည်များယက်လုပ်ရန် စက်ယက္ကန်း၊ လက်ယက္ကန်းများထားရှိပြီး ထုတ်လုပ် ရောင်းချကြပါသည်။
တိရိစ္ဆာန်အစားအစာထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ပြည်ခရိုင်၊ ပြည်မြို့ စက်မှုဇုန် တွင် ဗီတာမင်နှင့် ရွှေကြက်ဖစသည့် အစာစပ်စက်ရုံ(၂)ရုံရှိပြီး ထိုစက်ရုံများမှလည်း တိရိစ္ဆန်အစား အစာများကို ထုတ်လုပ်ရောင်းချလျှက်ရှိရာ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်နှင့် နှမ်းဖတ်များကိုလည်း ဆန်စက်များနှင့် ဆီစက်များမှလည်း ဝယ်ယူကြိတ်ခွဲ ထုတ်လုပ် ရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် လယ်ယာ/ကိုင်းကျွန်းများမှ ထွက်ရှိသော ပဲကြီး၊ ကုလားပဲနှင့် မြေပဲတို့ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပဲကြော်လုပ်ငန်း၊ ကုလားပဲကြော်လုပ်ငန်း၊ ကုလားပဲခွဲစက်လုပ်ငန်း၊ မြေပဲလှော်လုပ်ငန်းတို့ဖြင့် ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ထိုအပြင် သား၊ ငါးထွက်ကုန်များကိုလည်း ဆီသွတ်ဘူးများထုတ်လုပ်၍ ရောင်းချနိုင်ရေး ဆောင်ရွက် လျှက်ရှိပါသည်။
ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ တန်ဖိုးမြှင့် ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများအားလည်း လူအများသိရှိစေရန်အတွက် ကုန်စည်ပြပွဲ များ၊ ပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်း၊ နည်းပညာများဖြန့်ဝေပေးခြင်း၊ ငွေကြေးဆိုင်ရာ များအား အထောက်အပံ့ပေးခြင်းများပြုလုပ်ခြင်းများအပြင် ဈေးရောင်းပွဲတော်များ၊ ပြပွဲနှင့် ပြိုင်ပွဲများကိုလည်း နိုင်ငံ၏ အထိမ်းအမှတ်နေ့များတွင် ကျင်းပပြုလုပ်ကြပါသည်။ ထိုသို့ MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ (၁) တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ MSME လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်စေရန်၊ (၂)ထုတ်ကုန်ပစ္စည်းများသည် ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းခြင်းတူပါက အရည်အသွေးပိုကောင်းရန် ထုတ်လုပ် သည့်လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ (၃) ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအမံများအောင်မြင်စေရေးအတွက် အားပေးမြှင့်တင်ရန်၊ (၄) MSME လုပ်ငန်း များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန် အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှပိုမိုသုံးစွဲရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ ထွင်နိုင်ရန်၊ (၅) MSME လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ (၆) ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSMEလုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် တို့ပဲဖြစ်ပါသည်။ ထိုအပြင် စားသုံးသူများသိရှိပြီး ဝယ်ယူစားသုံးမှုများလာလျှင် လုပ်ငန်းရှင်များ အတွက် အကျိုးအမြတ်များပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်သလို ပြည်ပနိုင်ငံများ သို့လည်း ဈေးကွက် ထိုးဖောက် ဝင်ရောက်လာနိုင်လျှင်လည်း ပြည်ပဝင်ငွေများရရှိလာနိုင်မည်ကို ရည်ရွယ်၍ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နေပါသည်။ စားသောက်ကုန်သာမဟုတ်ဘဲ တန်ဖိုးမြှင့်ထုတ်ကုန် သစ်ဝါးများကို အခြေခံ၍ ထုတ်လုပ်ထားသော ပန်းပုပညာလက်ရာများကိုလည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်လျှင်လည်း နိုင်ငံတော် အတွက် ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ပါသည်။
DOCA(ပဲခူး)