
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကြံများကို စိုက်ပျိုးကြောင်း သိရပါသည်။ ကြံများကို စိုက်ပျိုးရာတွင် ကြံပင်၏အဖျားများကို ဖြတ်ယူပြီးပြန်လည်စိုက်ပျိုးကြပါသည်။ ကြံသကာချက်လုပ်ရာတွင် သီတင်းကျွတ်လတွင် စတင် ချက်လုပ်ရာ ကြံအထွက်နှုန်းမှာ အနည်းငယ်သာထွက်ရှိသေးသည့်အတွက် ကြံသကာများ အထွက်နှုန်းနည်းပါးသေးပါသည်။ နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလများမှ သာကြံများ ပေါများစွာရရှိသည့်အတွက် ကြံသကာများလှိုင်လှိုင်ထွက်ရှိပါသည်။ ကြံသကာချက်လုပ်သည့် ကြံအမျိုးအစားများမှာ ဒေသအလိုက်အခေါ်အဝေါ် မတူညီကြပါ။ ရွှေတောင်မြို့နယ်အတွင်းရှိ ထွက်ရှိသော ဒေသကြံများကို ဝါးကြံဟုခေါ်ကြပါသည်။ ကြံရည်မိုးဗြဲဒယ်တစ်အိုးချက်လျှင် ကြံသကာအချိန် ၅-၆ပိဿာထွက်ရှိပါသည်။ ကြံသကာတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ၇၀၀၀ကျပ် ဈေးနှုန်းရှိပြီး ထွက်ရှိလာသည့် ကြံသကာများကို ပြည်ပွဲရုံ၊ ရန်ကုန်ပွဲရုံများသို့ ကုန်သည်ပွဲစားများမှ တစ်ဆင့်ရောင်းချကြောင်း သိရပါသည်။ ပွဲရုံများသို့ ရောင်းချရာတွင် ဂျပ်ဖာတစ်လုံးလျှင် ၁၄ပိဿာဝင်ဆံ့သည့် ပုံးများဖြင့် စနစ်တကျသေချာစွာထည့်ပြီး တင်ပို့ကြောင်းသိရပါသည်။
DOCA(ပဲခူး)