Main menu

တောင်ငူမြို့တွင်မရမ်းသီးမှည့်များစတင်ရောင်းချ

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ပေါ်ဦးပေါ်ဖျားမရမ်းသီးမှည့်များ ရောင်းချနေပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင်လာရောက်ရောင်းချသောမရမ်းသီးများမှာ တောင်ငူမြို့နှင့် ထိစပ်နေသောလိပ်သိုဒေသမှ လာရောက်ရောင်းချသော မရမ်းသီးမှည့်များရှိသလို တောင်ငူဒေသတွင်း စိုက်ပျိုးသူများမှ လာရောက်ရောင်းချသော မရမ်းသီးမှည့်များလည်းရှိကြောင်းသိရသည်။

          မရမ်းသီးကိုဒေသခံပြည်သူများအနေဖြင့် မိမိတို့ခြံမြေအလွတ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများထဲတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှော၍လည်းကောင်း စိုက်ပျိုးကြပါသည်။ ယခုအခါတွင် မရမ်းသီးမှည့်များ စတင်ထွက်ရှိနေပြီး မိမိခြံဝန်းများထဲမှတပိုင်တနိုင်ထွက်ရှိသော မရမ်းသီးမှည့်များအား တောင်ငူမြို့ပေါ်ရှိ ဈေးများတွင်လာရောက်ရောင်းချလျက်ရှိကြောင်းသိရသည်။

          ပေါ်ဦးပေါ်ဖျားမရမ်းသီးမှည့်များကို ဆားရည်စိမ်ခြင်း၊ ဆေးသကြားဖြင့် အချိုစိမ်ခြင်း၊ ပါးပါး လှီးလှီးပြီးသုပ်စားခြင်း၊ချက်စားခြင်း၊သကြား (သို့မဟုတ်)ထန်းလျက်တို့ဖြင့် ယိုပြုလုပ်၍ မိမိတို့ ကြိုက်နှစ်သက်ရာ အမျိုးမျိုးစားသုံးနိုင်ပါသည်။

          မရမ်းသီးမှည့်ဈေးနှုန်းအနေဖြင့် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ် ၊ (၁)ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့်ရောင်းချရာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ရောင်းအားကောင်းကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)