
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ အောက်ဆိပ်၊ ကူရှည်၊ ရွာမ၊ ရွာသာအေးအုပ်စုနှင့် အခြားနီစပ်ရာကျေးရွာများတွင် နှစ်စဉ် ကြက်သွန်နီ ဥစိုက်၊ ပင်စိုက်အပြင် မျိုးစေ့အနှံယူစိုက်ခင်းများကိုလည်း တပိုင်တနိုင်စိုက်ပျိုးခြင်းအပြင် ဒေသစီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ယခင်နှစ်များက မျိုးစေ့ယူစိုက်ခင်းများကို တောင်သူများအနေ ဖြင့် မိမိစိုက်ခင်းတွင် စိုက်ပျိုးရန် မျိုးအဖြစ်သာ စိုက်ပျိုးမှုများပြီး ယခုအခါတွင် ကြက်သွန်နီ ဈေးကွက် ခိုင်မာမှုရှိ၍ တောင်သူများမှ ကြက်သွန်နီသီးနှံသည် အကျိုးအမြတ်များစွာရရှိသော သီးနှံဖြစ်သော ကြောင့် မျိုးစေ့ယူစိုက်ခင်းများကိုလည်း တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်တွင် ကြက်သွန်နီ မျိုးစေ့အနှံယူစိုက်ဧက (၇၀)ခန့် စိုက်ပျိုးထား ကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်း၊ ကျွန်း၊ မြေမာများတွင် စိုက်ပျိုးကြောင်း၊ မျိုးစေ့အရည် အသွေးနှင့် မျိုးကောင်းမျိုးသန့် ကြက်သွန်နီကို စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင် စိုက်ပျိုး၍ ဖေဖော်ဝါရီလကုန် မတ်လတွင် ပွင့်နှံများဆွတ်ခူးပြီး အပြီးရိတ်သိမ်းကြောင်း၊ တစ်ဧကလျှင် ကြက်သွန်နီမျိုးဥ အရွယ်အစားလိုက်၍ ပိဿာချိန် (၃၅၀-၄၀၀)ထိစိုက်ပျိုးရပြီး တစ်ပိဿာလျှင် ကျပ် (၃၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ကြက်သွန်နီမျိုးစေ့ အထွက်တင်း(၄-၅)တင်းထွက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ် သိန်း(၄၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကြက်သွန်နီမျိုးစေ့ ရောင်းချချိန် ဈေးကွက်ကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ကြက်သွန်နီမျိုးစေ့များကို တောင်သူများမှ ရောင်းချရာတွင် မျိုးစေ့(၁)ပြည် လျှင် ၂၀၂၂ ခုနှစ်တွင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ၂၀၂၃ ခုနှစ်တွင် ကျပ်(၄၀၀၀၀-၅၀၀၀၀)၊ ၂၀၂၄ ခုနှစ် တွင် ကျပ်(၁၀၀၀၀၀-၁၃၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ် ကြက်သွန်နီမျိုးစေ့ ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက် ပြည်ပဝယ်လိုအား ကောင်းခြင်းကြောင့် ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ်(၂၅၀၀-၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ကြက်သွန်နီမျိုးစေ့ ဈေးကွက်မှာလည်း စံချိန် တင်သည်အထိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်သိန်း(၉၀)ခန့် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စိုက်တောင်သူများမှ ထွက်ရှိသောမျိုးစေ့များ ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက် ခိုင်မာပြီး မျိုးစေ့ဈေးနှုန်းကောင်းမွန်ပါက ယခင်နှစ်ကဲ့သို့ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့မှထွက်ရှိသော ကြက်သွန်နီမျိုးစေ့များကို ဒေသတွင်း ရောင်းချမှုအပြင် ပွင့်ဖြူ၊ စလင်း၊ တညောင်၊ တောင်တွင်းကြီး၊ ချောက်မြို့နယ်အတွင်းရှိ စိုက်တောင်သူ များမှ လာရောက်ဝယ်ယူကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
ကြက်သွန်နီမျိုးစေ့များကို သီးနှံရိတ်သိမ်းပြီး (၇)လခန့်အကြာမှသာ ရောင်းချရခြင်းဖြစ်၍ မျိုးစေ့များ အလေအလွင့်မရှိအောင် စနစ်တကျသိမ်းဆည်းရကြောင်း၊ မျိုးစေ့သိမ်းဆည်းရာတွင် ပီနံအိတ်အထပ်ထပ်ဖြင့် ထုတ်ပိုးပြီး ပလပ်စတစ်ပုံး၊ သံပုံးများဖြင့် လေလုံအောင်ထားရှိပြီး သိမ်းဆည်းကြောင်း၊ လေထဲတွင် ရေငွေ့ဓါတ်ပါရှိခြင်းကြောင့် လေလုံအောင် သိမ်းဆည်းကြောင်း၊ လေဝင်ပါက မျိုးစေ့များတွင် အစိုဓါတ်ရရှိပြီး နောင်နှစ်စိုက်ပျိုးရာသီချိန်တွင် မျိုးစေ့ကျဲပက်စိုက်ပျိုးပါက အပင်ပေါက် မစုံလင်ခြင်းဖြစ်ပေါ်၍ သီးနှံအထွက်နှုန်းနည်းခြင်းကြောင့် စိုက်တောင်သူများမှ မျိုးစေ့များကို ဂရုတစိုက် သိမ်းဆည်းကြောင်း သိရှိရသည်။ ကြက်သွန်နီသီးနှံသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက် ကောင်းမွန်ခြင်းကြောင့် စိုက်တောင်သူများအတွက် အကျိုးအမြတ်ရရှိသော သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီဈေးကွက်ခိုင်မာခြင်းကြောင့် မျိုးစေ့အနှံယူ စိုက်တောင်သူများမှာလည်း ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာ ရရှိခြင်းကြောင့် နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)