Main menu

ပခုက္ကူဈေးကွက်တွင် ကုလားပဲသီးနှံ(အသစ်) စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခုဖေဖော်ဝါရီ(တတိယပတ်)၌ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ဒေသတွင်းစိုက်ခင်းများမှ ကုလားပဲသီးနှံများ စတင်ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ(အသစ်)များ စတင်ဝင်ရောက်ပြီး သီးနှံ(အသစ်) ပေါ်ချိန်ဖြစ်၍ ဈေးအနည်းငယ် ကျဆင်းအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ် ဈေးကွက်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ကုလားပဲသီးနှံ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် ကုလားပဲသီးနှံများ ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ကုလားပဲ(V2)(အသစ်) တစ်တင်းလျှင် ကျပ်(၇၂၀၀၀)၊ ကုလားပဲ(HL)(အသစ်)တစ်တင်းလျှင် ကျပ်(၇၃၃၀၀)၊ ကုလားပဲ(929)(အသစ်) တစ်တင်း လျှင် ကျပ်(၇၂၆၀၀)၊ ကုလားပဲ(929)(အ‌ဟောင်း) တစ်တင်းလျှင် ကျပ်(၇၃၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီ(ပထမပတ်)တွင် ကုလားပဲ(V2)(အသစ်) တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ (HL)(အသစ်)တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ(929)(အသစ်) တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ(929)(အ‌ဟောင်း)တစ်တင်းလျှင် ကျပ်(၈၀၀၀၀)ဖြစ်၍ ယခင်ဖေဖော်ဝါရီလ (ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လအတွင်း ကုလားပဲတစ်တင်းလျှင် ကျပ်(၅၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံအသစ်ပေါ်ချိန်ဖြစ်၍ ဈေးကျဆင်းကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ယခု အချိန် ပခုက္ကူပဲဈေးကွက်တွင် ကုလားပဲသီးနှံ အဟောင်းများအပြင် အသစ်များပါ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည်ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှု များ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)