
ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ပြောင်းချိုပင်ကို စိုက်ပျိုးကြကြောင်း သိရသည်။
ပြောင်းချိုပင် စိုက်ပျိုးသည့်မျိုးမှာ နှင်းဆီရွှေမျိုးဖြစ်ပြီး မျိုးစေ့တိုက်ရိုက်ချစနစ်ဖြင့်ပျိုးထားပြီး မြေကျင်းဖွဲ့၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပါသည်။ စိုက်ဧကအနေဖြင့် ဧကဝက်ဖြစ်ပြီး ပြောင်းချိုပင်ကို တစ်ကျင်းလျှင်(၂)စေ့ခန့် စိုက်ပျိုးပြီး အပင်ရေ(၈၀၀၀)ခန့်စိုက်ပျိုးနိုင်ပါကြောင်း၊ ပြောင်းချိုပင်ကို (၇)ရက် တစ်ပတ်ရေသွင်းခြင်း၊ သွင်းအားစုထည့်ခြင်း၊ စိုက်ပျိုးမြေပြုပြင်ခြင်း၊ အလုပ်သမားငှားရမ်းခြင်းများ ဆောင်ရွက်ရပြီး စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် (၈)သိန်း ခန့်ကုန်ကျကြောင်း၊ ယခု မတ်လမှာ စတင်ခူးဆွတ်ရောင်းချရပြီး အပင်အရေ (၈၀၀၀)စိုက်ပျိုးထားသည့်အတွက် ပြောင်းချိုအဖူးအနည်းဆုံး (၆၀၀၀)ဖူးထွက်ရှိမည်ဖြစ်ပြီး ပြောင်းချို(၁)ဖူးလျှင် ပျမ်းမျှ(၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရလျှင် သိန်း(၃၀) ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့် ဧကဝက် စိုက်လျှင်သိန်း(၂၀)ကျော် အကျိုးအမြတ်ရရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ယခု မတ်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်းအနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၈၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၇၀၀)ကျပ် နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ယခု ပြောင်းချိုဈေးနှုန်းမျိုးဖြင့် ရောင်းချရလျှင် တွက်ခြေကိုက်ပြီး အကျိုးအမြတ်များသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ပြောင်းချိုပင်စိုက်ပျိုးသူမှ တိုက်တွန်းပြောကြားချက်အရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)