Main menu

“မြန်မာလူမျိုးတို့အကြိုက် ပဲကြီး နှင့် သူ၏ဈေးကွက်”

Powered by Drupal

             မြန်မာနိုင်ငံတွင် ပဲကြီးကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

            ပဲကြီး၏ မူရင်းဒေသမှာ အာရှတိုက် အရှေ့တောင်ပိုင်းနိုင်ငံများမှ ဖြစ်သည်ဟု ဆိုကြပါသည်။ ပဲကြီးကို အိန္ဒိယတွင်အများအပြား စိုက်ပျိုးခဲ့ကြကြောင်းနှင့် အာဖရိကတိုက်တွင်လည်း တွေ့ရကြောင်း သိရသည်။

          ပဲကြီးသည်အဖြူရောင်ဖြစ်ပြီး များသောအားဖြင့် အရွယ်အစားတူညီလေ့ရှိသည်။ ပဲကြီးသည် ချိုသောအရသာရှိသဖြင့် စွတ်ပြုတ်၊ ဟင်းရည်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ဟင်းသီးဟင်းရွက်နှင့်ရော၍ ဟင်းအဖြစ်သော်လည်းကောင်း၊ ပဲအနှစ်အဖြစ်သော်လည်းကောင်း စားသုံးတတ်ကြသည်။ ပဲကြီးကို လှော်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ ရေနွေးကြမ်းဖြင့်တွဲဖက်၍ အမြည်း အဖြစ် စားသုံးတတ်ကြသည်။ ပဲကြီးကို ကြာရှည်စွာ သိုလှောင်ထားပါက ပိုးကျလွယ်သောကြောင့် မကြာမကြာ ပိုးသတ်မှိုင်းတိုက်ပေးရန် လိုအပ်ပါသည်။

           မြန်မာပြည်တွင် ပဲကြီးကို လူသိများပြီး လူကြိုက်လည်းများပါသည်။ ပဲကြီးကိုလှော်၍ ပဲကြီးလှော်အဖြစ် စားသုံးကြပါသည်။ ပဲကြီးကိုလှော်ရာတွင် ပဲကြီးကို ဆားအနည်းငယ်ဖျော်ထားသည့် ရေတွင်စိမ်၍ အခြောက်လှမ်းပြီးပြန်လှော်ပါသည်။ ပဲကြီးကိုအခြမ်းပြု၍ ပဲကြီးကြော်ပြုလုပ်ပြီး ယင်းအတိုင်းသော်လည်းကောင်း၊ လက်ဖက်ဖြင့်သော်လည်းကောင်း စားသုံးကြပါသည်။ ပဲကြီးကို ဟင်းချိုအဖြစ်လည်းကောင်း၊ အိုးကပ်အဖြစ်လည်းကောင်း ချက်ပြုတ်စားသောက်ကြသည်။

           ပဲကြီးသည် မြန်မာလူမျိုးတို့ကြိုက်နှစ်သစ်သော ပဲတစ်မျိုးဖြစ်ပြီး ဈေးကွက်တွင်လဲ ပေါများစွာတွေ့ရှိရပါသည်။ ပဲကြီးဈေးနှုန်းများမှာ ပဲကြီး(အကြီး) သုံးတင်းပါတစ်အိတ်လျှင် ၂၆၅၀၀၀ ကျပ်၊ ပဲကြီး(အလတ်) သုံးတင်းပါတစ်အိတ်လျှင် ၂၆၀၀၀၀ ကျပ်၊ ပဲကြီး(အသေး) သုံးတင်းပါ တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ် နှုန်းရှိကြောင်းသိရှိရသည်။

DOCA(စစ်ကိုင်း)