Main menu

ဂျပန်အစိုးရက အရန်ဆန်များ ရောင်းချနေပေးသော်လည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်

Powered by Drupal

          ဂျပန်နိုင်ငံတွင် အရန်ဆန်များရောင်းချပေးမည်ဟု လွန်ခဲ့သော ရက်သတ္တပတ် ၂ ပတ်ခန့် ကပင် အစိုးရက ထုတ်ပြန်ကြေညာထားသော်လည်း ဆန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

          အစိုးရအနေဖြင့် အရန်ဆန် သိုလှောင်ထားရှိမှုမှ တန်ချိန် ၂၁၀၀၀၀ ကို မတ်လနှောင်းပိုင်း နှင့် ဧပြီလဆန်း ကာလကြား၌ ကုန်စုံဆိုင်များတွင် ရောင်းချနိုင်ရေးအတွက် တင်ဒါခေါ်ယူပြီး မတ်လလယ်တွင် လက်ကားဆန်ကုန်သည်များထံသို့ လွှဲပြောင်းဖြန့်ဖြူးပေးမည်ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

          အရန်ဆန်များကို ထုတ်ပေးနိုင်ခြင်းမရှိမီ ကြေညာချက်ထုတ်ပြန်ရုံဖြင့်ပင် ဆန်ဈေးနှုန်းများ ကျဆင်းသွားလိမ့်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက မျှော်မှန်းခဲ့သော်လည်း အကျိုးသက်ရောက်မှုူ မရှိခဲ့ကြောင်း ဆန်အဓိက လက်ကားဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

          ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ Niigata ခရိုင်မှ ထွက်ရှိသည့် ၆၀ ကီလိုဂရမ်ဝင် Koshihikari ဆန်လုံးညို တစ်အိတ်၏ လက်ကားဈေးနှုန်းမှာ ယန်းငွေ ၄၈၃၀၀ မှ ၄၈၅၀၀ ကြားရှိပြီး ယခင် တစ်လအကြာ ကာလနှင့် နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်း အနည်းငယ်အပြောင်းအလဲရှိခဲ့ကြောင်း Beikoku Databank ဈေးကွက်သုတေသနအဖွဲ့က ဖော်ပြထားပါသည်။

          အစိုးရအနေဖြင့် ပထမအဆင့်တွင် ဆန်တန်ချိန် ၁၅၀၀၀၀ ကို ရောင်းချသွားရန် စီစဉ်ထား ပြီး လိုအပ်ပါက တန်ချိန် ၆၀၀၀၀ ကို ထပ်မံ၍ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ၌ ထုတ်ပြန်ခဲ့သည့် စားသုံးသူကုန်ဈေးနှုန်းအချက်အလက်အရ ၁၉၇၅ ခုနှစ် နောက်ပိုင်းတွင် ဆန် ဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်၌ ယခင်နှစ်ကထက် ၂၇.၇ ရာခိုင်နှုန်း ပိုမိုလျက် အမြင့်ဆုံးရောက်ရှိခဲ့ ကြောင်း၊ ဒီဇင်ဘာလ တစ်လတည်းမှာပင် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆၄.၅ ရာခိုင်နှုန်း အထိ သိသာစွာမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

          ဂျပန်နိုင်ငံတွင် ၂၀၂၃ ခုနှစ် နွေရာသီ၌ အပူချိန်မြင့်တက်မှုကြောင့် စပါးအထွက်နှုန်း ကျဆင်းပြီး ၂၀၂၄ ခုနှစ်တွင် ဆန်ဖြန့်ဖြူးနိုင်မှု လျော့ကျလျက် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများ၏ ဆန်စားသုံးမှု များပြားခြင်းသည်လည်း စားသောက်ဆိုင်များ တွင် ဆန်လိုအပ်ချက်ကို မြင့်တက်စေခဲ့ကြောင်း၊ ဂျပန်အစိုးရ အနေဖြင့် အရန်ဆန် သိုလှောင်ထား ရှိမှု တန်ချိန် ၉၁၀၀၀၀ အနက်မှ ၂၀ ရာခိုင်နှုန်းကျော်ကို ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Japan Today, 3 Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)