အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် စားအုန်းဆီတင်သွင်းမှုမှာ ၁၄ နှစ်ခန့်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သော ဇန်နဝါရီကထက် တိုးတက်မှုရှိလာသော်လည်း ပဲပုပ်ဆီနှင့် နေကြာဆီ တင်သွင်းမှု လျော့နည်းခြင်းက ၄ နှစ်အတွင်း စားသုံးဆီတင်သွင်းမှု အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကုန်သည် ၅ ဦးက ပြောကြားကြောင်း Economic Times သတင်းဌာနက မတ်လ ၄ ရက်နေ့တွင် ဖော်ပြထားပါသည်။
ပုံမှန်တင်သွင်းမှု ပမာဏအောက်သို့ ဒုတိယမြောက်လအဖြစ် ဆက်တိုက် ကျဆင်းခဲ့ခြင်းက ကမ္ဘာ့စားသုံးဆီ အများဆုံးဝယ်ယူသည့် အိန္ဒိယနိုင်ငံ၌ ကုန်လက်ကျန်လျော့နည်းမှုကို ဖြစ်စေခဲ့ရာ ရှေ့လာမည့်လများတွင် ဝယ်ယူမှုများ တိုးမြင့်လာနိုင်ပြီး မလေးရှား စားအုန်းဆီနှင့် အမေရိကန် ပဲပုပ်ဆီတို့၏ ကြိုတင်အရောင်း ဈေးနှုန်းများကို အထောက်အပံ့ပြုနိုင်ကြောင်း သိရှိရပါသည်။
အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၀၁၁ ခုနှစ်၊ မတ်လနောက် ပိုင်းအနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သော ဇန်နဝါရီလကထက် ၃၆ ရာခိုင်နှုန်း ပိုမိုလျက် ဖေဖော်ဝါရီလတွင် တန်ချိန် ၃၇၄၀၀၀ တင်သွင်းခဲ့ကြောင်း ကုန်သည်များက ခန့်မှန်းပြောဆိုထားပါသည်။ အိန္ဒိယ ဆီကြိတ်ခွဲ ထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India) က အိန္ဒိယနိုင်ငံ အနေ ဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကုန်ဆုံးသည့် ရောင်းဝယ်ရေးနှစ်အတွင်း လစဉ် စားအုန်းဆီ ပျမ်းမျှ တန်ချိန် ၇၅၀၀၀၀ ကျော်တင်သွင်းခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တင်သွင်းမှု အချက်အလက်များကို မတ်လလယ်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ပဲပုပ်ဆီတင်သွင်းမှုသည် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလတွင် ၃၆ ရာခိုင်နှုန်း လျော့နည်းလျက် မက်ထရစ်တန် ၂၈၄၀၀၀ အထိကျဆင်းခဲ့ပြီး ၈ လအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း နှင့် နေကြာဆီတင်သွင်းမှုသည်လည်း ၂၂ ရာခိုင်နှုန်းလျော့နည်းလျက် မက်ထရစ်တန် ၂၂၆၀၀၀ သို့ ကျဆင်းခဲ့ပြီး ၅ လအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ထိုသို့ ပဲပုပ်ဆီနှင့် နေကြာဆီ တင်သွင်းမှု ကျဆင်းခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံ၏ စုစုပေါင်း စားသုံးဆီတင်သွင်းမှုသည် ၁၂ ရာခိုင်နှုန်း လျော့နည်းပြီး မက်ထရစ်တန် ၈၈၄၀၀၀ သို့ ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း ကုန်သည်များက ပြောကြားသည်။
ပြည်ပစျေးနှုန်းများ မြင့်တက်ခြင်းနှင့် ပြည်တွင်းထုတ် စားသုံးဆီ ရောင်းလိုအား ပိုမိုမြင့်မား လာခြင်းတို့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တင်သွင်းမှုလျှော့ချရန် စားသုံးဆီ ပြန်လည် ပြုပြင်သန့်စင်ရေး လုပ်ငန်းရှင်များကို တွန်းအားပေးခဲ့ကြောင်း စားသုံးဆီ တင်သွင်း တင်ပို့ကုမ္ပဏီ Sunvin Group ၏ CEO ဖြစ်သူ Mr. Sandeep Bajoria က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ၌ စားသုံးဆီတင်သွင်းမှုသည် ယခင်လတင်သွင်းမှုပမာဏအောက် ၂၆ ရာခိုင် နှုန်း လျော့ကျမှုကြောင့် မတ်လ ၁ ရက်နေ့ရှိ စားသုံးဆီသိုလှောင်မှုလက်ကျန်မှာ တန်ချိန် ၁ ဒသမ ၆ သန်းဖြင့် ၄ နှစ်ကျော်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း ဆီကုန်သည်များက ခန့်မှန်းထားသည်။ ယခု နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ပုံမှန်မဟုတ်သော တင်သွင်းမှုပမာဏသို့ လျော့နည်းခဲ့ သဖြင့် နိုင်ငံ၏ စားသုံးဆီသွင်းကုန်ပမာဏသည် မတ်လမှစတင်၍ တိုးတက်လာနိုင်ကြောင်း GGN သုတေသနအဖွဲ့မှ တာဝန်ရှိသူ Mr. Rajesh Patel က ပြောဆိုခဲ့ပါသည်။
အိန္ဒိယသည် စားအုန်းဆီများကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူ နေပြီး ပဲဆီနှင့် နေကြာဆီကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ ဝယ်ယူတင်သွင်း လျက်ရှိကြောင်း Economic Times သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြလိုက်ရပါသည်။
Source: Economic Times, 4th Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)